ရေတာရှည်၊ ၁၀ ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာအုပ်စု၊ စိုင်တမော့ကြီးကျေးရွာ အနောက်ကွင်း ၆၇၀-က ၌ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၃၀ ရက်က စတင်၍ မြေ ၁၈၅ ဧကအား စနစ်ကျလယ်ယာမြေအဖြစ် ဆောင်ရွက်လျက်ရှိရာ ယခုနှစ် နွေစပါးစိုက်ပျိုးချိန်အမီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းဦး ဇန်နဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းက ပြောကြားခဲ့သည်။

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခုနှစ် ခွင်ပြုရန်ပုံငွေ ကျပ် ၂၃၇ ဒသမ ၇ သန်းဖြင့် စူပါဆန်းဘရိုက်ကုမ္ပဏီမှ တာဝန်ယူ၍ မြေညှိခြင်း၊ ရေသွင်းမြောင်း၊ ရေထုတ်မြောင်း၊ ကုန်ထုတ်လမ်း၊ တံတား၊ ရေပြွန်များပါဝင်ပြီး ဆွာဆည်တမံ၊ ရေပေးလက်တံမြောင်း အမှတ်(၇)၊ မြောင်းခွဲ အမှတ် ၅ နှင့် ၆ တို့မှ စိုက်ပျိုးရေရယူနိုင်မည်ဖြစ်သည်။

 

ယခုကဲ့သို့ စနစ်ကျလယ်ယာမြေများ ဖော်ဆောင်နိုင်ခြင်းသည် တောင်သူများအတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ပြီး ရေထိုင်မြေထိုင်ကောင်းမွန်၍ သမားရိုးကျ လယ်ယာမြေများထက် သီးနှံထွက်နှုန်း ပိုထွက်ရှိနိုင်ခြင်း အစရှိသော အားသာချက်များ ရှိနေခြင်း ဖြစ်သည်။

 

ကိုလွင်(ဆွာ)

 

mdn