ရေတာရှည်၊ ၁၇ မေ
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု လေးခုတွင် ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီး၊ ခွင့်ပြုရန်ပုံငွေဖြင့် စနစ်ကျလယ်ယာမြေ ၈၆၈ ဒသမ ၄၄ ဧကကို မိုးရာသီစပါးစိုက်ပျိုးချိန်အမီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပိတောက်ခင်အုပ်စု၊ တောင်နီကုန်းကျေးရွာအနီး၌ ၃၃၄ ဒသမ ၆၄ ဧက၊ သပြေတန်းအုပ်စု၊ ဝါးတောကြီး ကျေးရွာအနီးတွင် ၁၅၄ ဧက၊ သပြေတန်းကျေးရွာအနီး ၁၂၆ ဧက၊ ညောင်ပင်သာအုပ်စု၊ အင်းပက်လက်ကျေးရွာ ၁၈၆ ဒသမ ၅၄ ဧက၊ ခင်တန်းကြီးကျေးရွာ ၆၆ ဒသမ ၄၆ ဧကတို့အား ဇေယျာအောင်မြေ၊ စိန်လက်သီး၊ ပန်းသီ၊ မိုးတက်လမ်းကုမ္ပဏီများနှင့် ဒိုက်ဦး၊ ကျောက်တံခါး၊ တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း သိရသည်။
စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ရာတွင် မြေပြင်ညီအောင် ညှိထားခြင်းဖြစ်၍ ရေထိုင် မြေထိုင် ကောင်းမွန်ခြင်း၊ ကုန်ထုတ်လမ်း၊ ရေသွင်းမြောင်း၊ ရေထုတ်မြောင်းများပါဝင်သဖြင့် မြေထွန်ယက်ရာ၌ တောင်သူတို့စိတ်ကြိုက် ဆောင်ရွက်နိုင်ခြင်း အစရှိသော အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။
ကိုလွင်(ဆွာ)


