နေပြည်တော် ၁၃ ဇန်နဝါရီ
ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ်တွင် ဇီးဖြူပင်ကျေးရွာအနီးတွင် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ရန်အတွက် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့များသည် ဇန်နဝါရီ ၇ ရက်က ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအနီး ပေါင်းလောင်းရေလွှဲဆည် ရှင်းလင်းဆောင်တွင် စနစ်ကျလယ်ယာမြေတွင် ပါဝင်သောတောင်သူများနှင့် တွေ့ဆုံညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
စီမံကိန်းအကောင်အထည် ဖော်ရာတွင် ပါဝင်သည့် လုပ်ငန်းစဉ်များအတွက် တောင်သူများနှင့် သဘောတူညီချက်ရယူခြင်း ဆောင်ရွက်ခဲ့ရပြီး အဆိုပါတွေ့ဆုံညှိနှိုင်းရာတွင် နေပြည်တော်ကောင်စီဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့မှ စီမံကိန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားကာ စီမံကိန်းအကောင်အထည်ဖော်ရာတွင် ပါဝင်သောတောင်သူများနှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဌာနများကြား ပေါင်းစပှိ်နှိုင်းခဲ့ကာ သက်ဆိုင်ရာဌာန တာဝန်ရှိသူများမှ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
တင်မောင်လွင်(မြန်မာ့အလင်း)