အိမို့မို့ခိုင်
ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်)ရဲ့ ဖိတ်ခေါ်မှုနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဘန့်ဘွေးကျင်းရေတံခွန်ကို ဖေဖော်ဝါရီလထဲက ရောက်ခဲ့တယ်။ ဘန့်ဘွေးကျင်းကို ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေအတွက် ခရီးစဉ်သစ်ဆောင်ရွက်မယ့် သတင်းယူရင်းဆိုပါတော့။ ဌာနအသီးသီးက သတင်းမီဒီယာ ၂၉ ယောက်လောက်ပါတယ်။ ကျွန်မအတွက်တော့ ပင်ပန်းမှုတွေနဲ့ ပျော်ရွှင်စရာအကောင်းဆုံး ခရီးစဉ်တစ်ခုပါပဲ။
လုပ်ဖော်ကိုင်ဖက် မီဒီယာမိတ်ဆွေနဲ့အတူ စွန့်စွန့်စားစားသွားရတဲ့ ခရီးဖြစ်တဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက်ပိုပြီး ရင်းနှီးခင်မင်မှုကို ရစေတယ်။ မနက် ၅ နာရီခွဲလောက်မှာ စုရပ်နေရာဖြစ်တဲ့ ရွှေပြည်မိုးလက်ဖက်ရည်ဆိုင်ကနေ မနက်စာစားပြီး ထွက်ခဲ့ကြတယ်။ ပြင်ဦးလွင်ရောက်တော့ 99 Café မှာ ခဏနားပြီး ခရီးဆက်ခဲ့ကြတယ်။
ဘန့်ဘွေးကျင်း
ဘန့်ဘွေးကျင်းရေတံခွန်ဆိုတာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းက ဘန့်ဘွေးကျင်း ကျေးရွာအနီးမှာ တည်ရှိပါတယ်။ မောင်နှံခုနစ်ဖော်လို့လည်းခေါ်တဲ့ ဘန့်ဘွေးကျင်းရေတံခွန်ရဲ့ လှပမှု၊ စွန့်စားသွားလာရတဲ့ ခရီးစဉ်တွေကြောင့် လွန်ခဲ့တဲ့ ၈ လလောက်ကစပြီး လူသိများလာပါတယ်။
ဘယ်လိုသွားမလဲ
ပြင်ဦးလွင်မြို့ကနေ သွားမယ်ဆိုရင် မန္တလေး- မိုးကုတ်လမ်းအတိုင်း ကားနဲ့ ၁ နာရီခန့်ကြာအောင် မောင်းပြီးရင်တော့ လွယ်လိတ်ကျေးရွာကို ရောက်ရှိမှာဖြစ်ပါတယ်။ လွယ်လိတ်ကျေးရွာရောက်ရင် မြေနီလမ်းအတိုင်း ဘန့်ဘွေးကျင်းရေတံခွန်အထိ တစ်နာရီနီးပါးခန့် မောင်းနှင်ရပါတယ်။ လမ်းတစ်လျှောက်မှာ ဘန့်ဘွေးကျင်းသို့ဆိုတဲ့ ဆိုင်းဘုတ်တွေရှိပါတယ်။ မြေနီလမ်းအတိုင်း မောင်းနှင်လာတဲ့အခါ လမ်းတစ်လျှောက်လုံးက ဖုန်တွေဆိုတော့ View Point လည်းရောက်ရော အကုန်လုံး မျောက်နီလေးတွေကိုဖြစ်လို့။

စွန့်စားခရီးစတင်ခြင်း
ကားတွေကို ရေတံခွန်ရဲ့အပေါ်စီးကနေမြင်ရတဲ့ View Point မှာ ထားခဲ့ရပါတယ်။ View Point ၉၀ ဒီဂရီ တည့်တည့် မတ်မတ် စီးဆင်းနေတဲ့ လှပတဲ့ ရေတံခွန်ကြီးကို မြင်ရမှာပါ။ View Point မှာ စားသောက်ဆိုင်တွေရှိပါတယ်။ အရမ်းကို လှပတဲ့ ရေတံခွန်ကြီးကို နောက်ခံထားပြီး အားရပါးရ ဓာတ်ပုံရိုက်ကြတယ်။
ဓာတ်ပုံလည်းရိုက်ပြီးတော့ တကယ့် Adventure ခရီးလို့ခေါ်ရမယ့် ဘန့်ဘွေးကျင်းရေတံခွန် အောက်ခြေဆီကို သွားတဲ့ ခရီးစဉ်စပါတော့တယ်။ အစာပြေစားဖို့ မုန့်ဘူးတွေနဲ့ ရေဘူးတွေကိုတော့ ဒေသခံလမ်းပြက ကူသယ်ပေးတယ်။ (တချို့ကတော့ လမ်းပြမငှားကြပါဘူး။ လုံးဝမရောက်ဖူးသူတွေ အတွက်ဆိုရင်တော့ လမ်းပြငှားတာသင့်တော်ပါတယ်။ သူတို့က ပစ္စည်းတွေလည်းကူသယ်ပေးတယ်။ လမ်းမှာလည်း ဟိုတစ်ကွေ့ဆိုရောက်ပြီ ၊ နောက်ထပ် ၁၅ မိနစ်လောက်နေရင် ရောက်ပြီဆိုပြီး အားပေးတတ်သေးတယ်။ တကယ်တော့မရောက်သေးဘူးပေါ့လေ၊ လမ်းပြငှားရမ်းခဘယ်လောက်လဲ ဆိုတော့ စေတနာ သလောက်ပေးပါတဲ့)
ကဲ ရေတံခွန်ဆီကို စသွားပါပြီ။ ရေတံခွန်က တောင်အောက်မှာဆိုတော့ ခြေချော်မကျအောင် ထိန်းဆင်းရတယ်။ တစ်ခါတလေ အရမ်းမတ်စောက်တဲ့ ကျောက်ဆောင်ပေါ်က ဆင်းရတာလည်းရှိတယ်။ အဲလိုဆိုရင်တော့ ဖင်ထိုင်ပြီးဆင်းလိုက်တာပဲ။ အဆင်းကတော့ တော်တော်လေး ဂရုစိုက်ရပါတယ်။ လမ်းကျဉ်းကျဉ်းလေးတွေပေါ်မှာ သွားရတာဆိုတော့ ခြေချော်ကျရင် တောင်အောက်ကို ပြုတ်ကျသွားနိုင်တယ်။ တချို့နေရာတွေက ကျောက်ဆောင်တစ်ခုနဲ့ တစ်ခုကိုကူးဖို့ ဒေသခံတွေ ပြုလုပ်ထားတဲ့ သစ်သားတံတားလေးတွေရှိတယ်။ တောင်အောက်ကို ဆင်းရတာဆိုတော့ ထိန်းဆင်းရင်း ဒူးတွေတုန်ကြတာပေါ့။ နားလိုက် ဆင်းလိုက်နဲ့ အမှတ်တရ ဓာတ်ပုံတွေလည်းရိုက်ကြတာပေါ့။
လမ်းပြကြီးရဲ့ ခဏနေရောက်တော့မှာဆိုတဲ့ အားပေးစကားတွေနဲ့အတူ စွန့်စွန့်စားစားနဲ့ အချိန် တစ်နာရီခွဲလောက်သွားပြီးတဲ့အခါမှာတော့ အံသြမှင်သက်စရာကောင်းလောက်အောင် လှပတဲ့ ရေတံခွန်ကြီးဆီကို ရောက်ပါပြီ။
ရေတံခွန်ကိုရောက်လိုက်တဲ့အခါမှာပဲ တဝေါဝေါစီးစင်းနေတဲ့ ရေတွေကို မြင်ရတဲ့ အခိုက်အတန့်မှာ မောပန်းလာသမျှကို ပြေပျောက်စေခဲ့ပါတယ်။ အပေါ်စီးကနေမြင်ခဲ့ရတဲ့ ရေတံခွန်ကြီးကို မြင်လိုက်ရပြီဆိုတော့ အနားတောင်မယူတော့ဘဲ ရေထဲဆင်းဖို့ပြင်ကြပါတော့တယ်။
ရေတွေက အေးစိမ့်နေတယ်။ အပေါ်ထပ်က ရေတံခွန်တွေဆီကို သွားဖို့ ကြိုးတွေလည်း ချည်နှောင်ပေးထားပါတယ်။ အပေါ်ကနေ စီးဆင်းလာတဲ့ ရေတွေကြားမှာ ကြိုးတစ်ချောင်းကိုကိုင်ပြီး အပေါ်ထပ်က ရေတံခွန်ဆီ တက်ခဲ့ကြတယ်။ ကျောက်ဆောင်တွေဆိုပေမယ့် ရေညှိမရှိတော့ ချော်မနေပါဘူး။ စီးနေတဲ့ ရေတွေထဲကနေ အပေါ်ထပ်ကို တက်ရတာဆိုတော့ ရေတွေကို ကြည့်ရင် ခေါင်းတော့မူးတာပေါ့။ အပေါ်ထပ်ရောက်တော့ ကျောက်ဆောင်တွေကြားမှာ ဂူပုံစံဖြစ်နေတာတွေ ရေတွေကျတဲ့ အရှိန်ကြောင့်ဖြစ်ပေါ်လာတဲ့ သဘာဝရေကန်လေးတွေ အကုန်လုံးဟာ လှပနေတော့ တာပါပဲ။
ရေတံခွန်အောက်ခြေမှာတော့ အများသုံးသန့်စင်ခန်းမရှိပါဘူး။ အဲဒါကြောင့် ကိစ္စ ၊ ဝိစ္စတွေကို View Point မှာကတည်းက ရှင်းခဲ့ကြစေချင်ပါတယ်နော်။
နောက်တစ်ခုက အမှိုက်တွေ၊ ရေသန့်ဘူးခွံ၊ ဘီယာဘူးခွံ၊ ဖော့ဘူးခွံတွေကတော့ ရေတံခွန်ရဲ့ အလှကို ဖျက်စီးနေသလိုပဲလို့ ခံစားရတယ်။ (ဘန့်ဘွေးကျင်းကို ရေတံခွန်ကို သွားမယ့်သူတွေကို အကြံပြုချင်တာကတော့ မိမိအမှိုက်ကို သေချာစွာထုပ်ပိုးပြီး စနစ်တကျ စွန့်ပစ်ပေးပါလို့)
ရေတံခွန်မှာ ရေကစားပြီး View Point ကို ပြန်သွားဖို့ပြင်ကြပါပြီ။ ရေတံခွန်အောက်ခြေမှာ စားသောက်ဆိုင်တွေလည်းမရှိတော့ အလာတုန်းက ပါလာသမျှ ရေသန့်ဘူးတွေလည်းကုန်ပြီ။ အပေါ်ကို ပြန်တက်တဲ့အခါမှာတော့ သောက်စရာ ရေဘူးမကျန်တော့ပါဘူး။ အပြန်ကျတော့ အတက်လမ်းဆိုတော့ ပိုပြီးမောတယ်လို့ခံစားရတယ်။ ပါလာတဲ့ရေကို မျှသောက်ကြတယ်။ လေတဖြူးဖြူးတိုက်တဲ့နေရာရောက်လိုက် နားလိုက် ၊ ကျောက်ဆောင်တွေကို ကုပ်ကပ်တွယ်တက်လိုက်နဲ့ အပြန်ခရီးက တစ်နာရီနီးပါး လောက်ကြာပါတယ်။
ဆန်ကောထမင်း
View Point ကိုပြန်ရောက်တဲ့အခါမှာတော့ အရသာရှိလှတဲ့ ဆန်ကောထမင်းကို စားခဲ့ရပါတယ်။ ကြက်ပေါင်ကြော်တစ်တုံး၊ ငါးဖယ်တစ်ခွက်၊ ခရမ်းချဉ်သီးငါးပိချက် ၊ ပဲပုပ်ခြောက်ကြော်၊ ဆလပ်ရွက်သုပ်၊ အချဉ်ဟင်း ၊ အတို့အမြှုပ် တွေကို အောက်က ဖက်ခင်းထားတဲ့ ဆန်ကောကြီးထဲမှာ ထည့်ထားတယ်။ ဖက်နဲ့ထုပ်ထားတဲ့ ထမင်းကို ဆန်ကောသေးသေးလေးတွေထဲထည့်ပြီး တစ်ခါသုံးလက်အိတ်တွေနဲ့ စားခဲ့ရတာပါ။ (အဝစား ထမင်းတစ်ပွဲကို တစ်ယောက် ၃၀ဝ၀ ကျပ်ပေးရပါတယ်။) ပင်ပန်းလာသမျှ ဆာဆာနဲ့စားလိုက်တာ ဘယ်လိုကုန်သွားမှန်ဘယ်လို ကုန်သွားမှန်း မသိအောင်ပါပဲ။
စွန့်စွန့်စားစား သွားလာပြီး လှပတဲ့ သဘာဝအလှတွေကို ခံစားချင်တယ်ဆိုရင်တော့ နောင်ချိုမြို့နယ်က ဘန့်ဘွေးကျင်းရေတံခွန်ကို သွားပါလို့ အကြံပြုလိုက်ပါရစေ။
