နေပြည်တော် ၂ အောက်တိုဘာ

ကွန်ပျူတာ   စာစီစာရိုက်စနစ်တွင်    မြန်မာစာလုံးရိုက်နိုင်ရန် တီထွင်ထားခဲ့ကြသည်မှာ  ကြာချေပြီ။ ၁၉၉၀ ဝန်းကျင်တွင် အတော်ပင်  တွင်တွင်ကျယ်ကျယ်  အသုံးပြုနေကြသည့် စီအီး မြန်မာစာလုံးများ၊ အကယ်ဒမီ၊  နောင်တွင် ဝင်း စာလုံးများ၊ နောက်  လက်ကိုင်ဖုန်းများခေတ်တွင်   ဇော်ဂျီ စာလုံးသည် အတွင်ကျယ်ဆုံး ဖြစ်လာသည်ဟု ထင်၏။

သည်လိုထဲတွင် မြန်မာ ၁၊ မြန်မာ ၂၊ မြန်မာ ၃ အစရှိသည့် အမည်ဖြင့်စာလုံးပုံစံများ၊  မက်ထရစ် စာလုံးများနှင့် ပင်နီ၊ ခေတ် အစရှိသည့် အများအပြားသော စာလုံးပုံစံများ တွင်ကျယ်စွာ အသုံးပြုခဲ့ကြပါသည်။

ထိုစာလုံးပုံစံတီထွင်မှုများကြောင့် မြန်မာစာပေလောကတွင် ကြီးစွာသော အထောက်အပံ့ ဖြစ်ခဲ့ပါသည်။ များစွာအသုံးဝင်သည့်အတွက် ကွန်ပျူတာသုံး၊ လက်ကိုင်ဖုန်း မြန်မာပြည်သူတို့အတွက် ကျေးဇူးတင်ရမည့် တီထွင်သူများပါပင်။ သို့သော်လည်း ထိုစဉ် ကာလများကတည်းက သတေသနသမားများနှင့် ပညာရပ်ဆိုင်ရာ အသုံးချ ရေးသားသူများအတွက်     အခက်အခဲဖြစ်ခဲ့ရသည့် ပြဿနာတစ်ခုမှာ အညွှန်းစာစု ရေးသားရိုက်နှိပ်ရာတွင် အက္ခရာစဉ် ဝလိ ဖန်တီးလုပ်ဆောင်၍ မရခြင်း  ဖြစ်သည်။ ထို့ကြောင့် ဒေတဘေ့စ်ခေါ်    အချက်အလက်များ   စုဆောင်းသိုမှီးရာ စာဘဏ်တိုက်ပြုရန် ခက်ခဲခဲ့ကြလေသည်။

ထို့ကြောင့်ပင် စာစီစာရိုက်ရာတွင် ပိုမိုစနစ်ကျကာ အချက်အလက်ဘဏ် တည်ဆောက်နိုင်မည့် စာပုံစံစနစ်ကို ပိုမိုကောင်းမွန်အောင်  ကြံဆရင်း ယခု  ယူနီကုဒ်စနစ်ဖြင့်   စာလုံးပုံစံများ ပြည်ခထာင်စု  စသည့် ရင်းမြစ်ကျသည့် ကွန်ပျူတာစာစီစာလုံး စနစ် တီထွင်လာနိုင်ခဲ့သည်။

ယင်း ယူနီကုဒ်စနစ်ကို သုံးစွဲစာစီခြင်းဖြင့် အက္ခရာစဉ်ဝလိ ပြုလုပ်ရန်လွယ်ကူခြင်း၊ အကြောင်းအရာများကို စုစည်းသိမ်းဆည်းရန်၊ ပြန်လည်ရှာဖွေရန်လွယ်ကူခြင်း၊ အညွှန်းစာစု (Index) ပြုလုပ်ရန် လွန်စွာလွယ်ကူသွားခြင်း စသည့်အကျိုးများ ရစေသည်ဖြစ်သောကြောင့်  ပညာရပ်ဆိုင်ရာ  စာပြု   ကျမ်းပြုသူများ၊ သတေသနသမားများအတွက်   ဝမ်းမြောက်စရာဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတကာစနစ်များနှင့်  ဆက်စပ်တီထွင်ထားခြင်းဖြစ်သည့်အတွက်  ယူနီကုဒ်စနစ်ကို နိုင်ငံတကာ ကွန်ပျူတာစနစ်များက နားလည်နိုင်လေသည်။  တော်ရုံ  နိုင်ငံတကာ ဘာသာစကား မြန်မာပြန်များကို  အလွယ်တကူရှာဖွေ အသုံးပြုနိုင်လာမည် ဖြစ်ပါသည်။

ထိုထိုသောအကြောင်းများနှင့်အတူ နိုင်ငံတကာစနစ်များ ဖြင့် ချိတ်ဆက်အသုံးပြုနိုင်ရန်၊ သန်းပေါင်း များစွာချီသော အချက်အလက်များကို အချက်အလက်ဘဏ်အဖြစ် ဖန်တီးကာ အလွယ်တကူ စုခဆာင်းသိမ်းဆည်းနိုင်ရန်၊ အလွယ်တကူ ထုတ်ယူသုံးစွဲနိုင်ရန်တို့အတွက် အစိုးရရုံးများတွင် အားလုံးတူညီအသုံးပြုကြရန် မလွဲ   မသွေပြောင်းလဲကြရန် လိုအပ်နေပြီဖြစ်ပါသည်။ လူများ၊ အဖြစ်အပျက်များ၊ စာရင်းဇယားများ၊ ဥပဒေများ အားလုံးတို့သည် အချက်အလက်ဘဏ် စုဆောင်းသည့်စနစ်ဖြင့် နိုင်ငံတကာတွင် ဖန်တီးတည်ဆောက် လုပ်ဆောင်နေကြပြီးဖြစ်ရာ အများပြည်သူ ဆိုင်ရာ လုပ်ငန်းဆောင်တာများတွင် အလွန်လွယ်ကူချောမွေ့လျက်ရှိသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း ထိုသို့သော စနစ်ကို ပြင်ဆင်ကျင့်သုံးပြောင်းလဲကြရန် လိုအပ်နေပြီဖြစ်သည်။

ထိုသို့သော လိုအပ်ချက်များနှင့်အညီ အစိုးရနှင့် သက်ဆိုင်ရာ ကိစ္စရပ်များအားလုံးကို ၂၀၁၉ ခုနှစ် ခအာက်တိုော ၁ ရက်နေ့က စတင်ကာ    ယူနီကုဒ်စနစ်ဖြင့်သုံးစွဲရန်   ကြေညာလိုက်ခြင်း ဖြစ်ပါသည်။

အများ  ပြည်သူ တစ်ဦးချင်းအနေဖြင့်မူ အထက်တွင်ဆိုခဲ့သည့် အချက်အလက်များကို    စနစ်တကျ စုဆောင်းသိမ်းဆည်းရန် မလိုဘူးဆိုလျှင်၊ အစိုးရဌာနများနှင့်   ဆက်ဆံစရာ  အကြောင်း မဟုတ်လျှင် ယူနီကုဒ်စနစ်ကို သုံးစွဲမှဖြစ်မည်ဟု မရှိပါ။ မိမိတို့ အဆင်ပြေသည့်   စာလုံးပုံစံစနစ်ဖြင့်   ဆက်လက်အသုံးပြုနိုင်သည်ပဲဖြစ်သည်။ မိမိတို့တစ်ဦးချင်း၏ သဘောနှင့် မိမိတို့အဆင်ပြေရာကို အသုံးပြုခြင်းကို ကန့်ကွက်တားဆီးထားခြင်း မရှိပါ။

သို့သော်လည်း ရေရှည်အလုပ်လုပ်ရာတွင်မူ စနစ်တကျဖြစ်သည့် ယူနီကုဒ်စနစ်ကို အသုံးပြုခြင်းက ပိုမိုလွယ်ကူချောမွေ့စေမည်ဟု ယုံကြည်ပါသည်။

အပြောင်းအလဲများ၏  အစတွင် အခက်အခဲများက  ရှိမြဲဆိုတာ သဘာဝဖြစ်ပါသည်။ အခက်အခဲများကြားကပဲ  စနစ် ကျနမှုကို ကြိုးစားပြောင်းလဲခြင်းက ရေရှည် အကျိုးဖြစ်ထွန်းမည်ဆိုသည်ကိုလည်း အလေးထားသင့်ပါကြောင်း။

ကြေးမုံ