စနစ်တကျလယ်ယာမြေနှင့် ပူးပေါင်းပါဝင်သည့် ဆည်မြောင်းစနစ်

မြန်မာနိုင်ငံသည် သမိုင်းစကတည်းက စိုက်ပျိုးရေးနိုင်ငံ။ မျက်မှောက် ကာလထိတိုင်လည်း စိုက်ပျိုးရေးနိုင်ငံ၊ နိုင်ငံ၏ ဓနအင်အားသည် စိုက်ပျိုးရေးကဏ္ဍအပေါ်တွင် တည်မီနေသည့်အတွက် ရှေးမင်းများ လက်ထက်မှသည် ယနေ့ထိတိုင် လယ်ယာမြေများ ဖော်ထုတ်ပေးခြင်း၊ ဆည်မြောင်း ကန်ချောင်းများ တူးဖော်ပေးခြင်း စသည်တို့ဖြင့် စိုက်ပျိုးထုတ်လုပ်မှုမြင့်မားအောင် ဆောင်ရွက်ပေးခဲ့ကြသည်။

 

ခေတ်များစွာကို ဖြတ်သန်းခဲ့ပြီးသည့်အခါတွင်မူ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှု အရရော၊ နည်းပညာအရပါ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်တော့ဘဲ နောက်ကျကျန်ရစ်ခဲ့သည်။ လယ်ယာ ကုန်ထုတ်လုပ်ငန်း ကို မိရိုးဖလာအစဉ်အလာအတိုင်းသာ လုပ်ကိုင်နိုင်ခြင်းကြောင့် ခေတ်မမီ။ လယ်တစ်ဧကချင်းတူလျှင်ပင် အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများက မိမိတို့ထက် ပိုမို ထုတ်လုပ် နိုင်ကြသည်။ လယ်သမားချင်း၊ တောင်သူချင်းတူလျှင် သူတို့က ဝင်ငွေပိုကောင်းသည်။ ဝင်ငွေပိုကောင်းသောကြောင့် လူနေမှုအဆင့်အတန်းပို၍ မြင့်မားသည်။

 

မြန်မာ့လယ်ယာမြေခေတ်မီတိုးတက်ရေးအတွက် “လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့” ဟူသည့် ကြွေးကြော်သံ ကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ကြွေးကြော်ခဲ့သော်လည်း လက်တွေ့အကောင်အထည်ဖော်ရေးတွင်မူ များစွာအခက်တွေ့ခဲ့ရသည့်အတွက် ပီပီပြင်ပြင်မဖြစ်ခဲ့။ အဓိကအချက်တစ်ရပ်မှာ မြန်မာ့ လယ်ယာမြေ များသည် စနစ်ကျသည့်အဆင့်မြင့်လယ်ယာမြေများမဟုတ်။ စိုက်ပျိုးရာသီတွင် မျက်စိတစ်ဆုံး စိမ်းလန်းနေသည့် လယ်ယာ မြေများမှာ လယ်ဧက အနည်းငယ်မျှစီ ပိုင်ဆိုင်ထားကြသည့် လယ်သမားများက စိုက်ပျိုးထားကြခြင်းဖြစ်သည်။ လယ်တစ်နေရာနှင့်တစ်နေရာ မြေဆီဩဇာမတူ၊ အနိမ့်အမြင့်မတူ၊ ရေရပုံချင်း လည်း မတူ၊ ထိုအခါ လယ်ကွက်ထဲမှာ ရေနေဖို့အတွက် ကန်သင်းဖို့ရသဖြင့် လယ်ကွက်က အစိတ်စိတ်အပိုင်းပိုင်း ဖြစ်လာရသည်။ ရိတ်သိမ်းချိန်ရောက် သည့်အခါ ကုန်ထုတ်လမ်းမရှိ။ ကန်သင်းများစွာဖို့ထားသည့် လယ်ကွက်ထဲမှာ စက်ဖြင့်ရိတ်သိမ်းရန်ကလည်း ခက်ခဲလှသည်။ လယ်ယာလုပ်သား ရှားပါးလာသည့်ခေတ်အခါ၊ စက်မှုဖြင့်အစားထိုးရမည့် လယ်ယာများမှာ စနစ်တကျ လယ်ယာမြေဖြစ်ဖို့လိုသည်။

 

အဆင့်မြင့်လယ်ယာမြေဖြစ်ရန်မှာ ကန်သင်းများစွာနှင့် မညီမညာဖြစ်နေသည့် မြေယာများကို ညီညာအောင် ပြုပြင်ရမည်။ ရေသွင်းရေထုတ်မြောင်းများ၊ ကုန်ထုတ်လမ်းများဖြင့် ဖွဲ့စည်းထားသည့် ထောင့်မှန်စတုဂံပုံ မြေကွက်ကျယ်များ ဖြစ်ရမည်။ သို့မှသာ လယ်ထွန်စက်၊ ကောက်ရိတ်စက်များ၊ ထရပ်တာများ ဝင်ထွက်သွား လာနိုင်မည်။ လက်မှုကို စက်မှုဖြင့် အစားထိုးနိုင်မည်။ လယ်ယာကဏ္ဍ နိုင်ငံတကာနှင့် ယှဉ်နိုင်မည်။ လယ်ယာ လုပ်ကိုင်သူတို့ ဝင်ငွေတိုးကာ လူနေမှုမြင့်လာနိုင်မည်။ အဓိကအကျဆုံးအချက်မှာ တောင်သူလယ်သမားတို့ စည်းလုံးညီညွတ်ကြဖို့ပင်ဖြစ်သည်။

 

စနစ်တကျလယ်ယာမြေများသည် ဆည်မြောင်းစနစ်များနှင့်လည်း ဆက်စပ်နေသည့်အလျောက် တောင်သူ လယ်သမားများ ပူးပေါင်းပါဝင်သည့် ဆည်မြောင်းစနစ်ကို ကျင့်သုံးမည်ဖြစ်ရာ စိုက်ပျိုးရေးစီမံခန့်ခွဲမှုတွင် တောင်သူများ ကိုယ်တိုင် ပါဝင်ကြရမည်ဖြစ်ပြီး ဆည်ရေကို အလေအလွင့်အနည်းဆုံး သုံးစွဲနိုင်ကြရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဆည်ရေအရင်းအဖျားကိုလိုက်၍ မျှမျှတတမရခြင်း၊ စိုက်ပျိုးရေအတွက် တုတ်တစ်ပြက်၊ ဓားတစ်ပြက် ပဋိပက္ခဖြစ်ရခြင်းတို့ ကင်းဝေးကြမည်။ ရေရှည်တွင် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကြောင့် မိုးရေရရှိမှုနည်းပါးလာသည်နှင့်အမျှ စိုက်ပျိုးရေးအတွက် ဆည်ရေကိုအကျိုးရှိရှိ အလေအလွင့် အနည်းဆုံး သုံးစွဲနိုင်ရန်မှာ ပူးပေါင်းပါဝင်သည့်ဆည်မြောင်းစနစ်ကို အောင်အောင်မြင်မြင် ဖော်ဆောင်နိုင်ဖို့ လိုအပ်သည်ဟု ယုံကြည်မိသည်။

 

 

မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ ခေတ်မီတိုးတက်ရေးအတွက် အဆင့်မြင့်လယ်ယာမြေများ ဖော်ထုတ်ရေး၊ ပူးပေါင်းပါဝင်သည့် ဆည်မြောင်းစနစ်ကျင့်သုံးရေးတို့တွင် ဒေသခံတောင်သူလယ်သမားများ၏ စည်းလုံးညီညွတ်မှု နှင့် ပူးပေါင်းပါဝင်မှုတို့ အဓိကလိုအပ်ကြောင်းနှင့် လယ်ယာကဏ္ဍမြင့်မားပါမှ တောင်သူလယ်သမားတို့၏ လူနေမှု ဘဝများ ပိုမိုလှပနိုင်မည်ဟု ရှုမြင်ပါကြောင်း။    ။

မြန်မာ့အလင်း