ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါကသန်းထောင်ပေါင်းများစွာသော ကမ္ဘာ့လူသားတို့၏ လှုပ်ရှားသွားလာမှုများကို ကန့်သတ် တားဆီး၍ လျော့ကျစေခဲ့သည့်အတွက် အကျိုးသက်ရောက်မှုတစ်ခု အနေဖြင့် သဘာဝပတ်ဝန်းကျင်အပြောင်းအလဲများ ကမ္ဘာတစ်ခွင် ဖြစ်ပေါ်ခဲ့သည်။ မြေပြင်၊ ရေပြင်၊ ဝေဟင်တို့တွင် နေ့စဉ်နှင့်အမျှထောင်းထောင်းထအောင် ယာဉ်ယန္တရား ထောင်၊ သောင်း၊ သိန်း များစွာ မောင်းနှင်သွားလာခဲ့သည်များ ရပ်ဆိုင်း၊ စက်ရုံ၊ အလုပ်ရုံ၊ဆောက်လုပ်ရေးလုပ်ငန်းများစွာတို့လည်း ရပ်ဆိုင်း၊ နေ့ရောညပါ လမ်းပေါ်တွင် သွားလာနေခဲ့ကြသည့်လူများ ရောဂါရှောင်၍ အိမ်တွင်း ပုန်းကြရသည့်အခါ....

တရုတ်နိုင်ငံတွင် မီးခိုးမြူများ ပိတ်ဆို့မှုတို့ လျော့ကျသွားသည်။ အိန္ဒိယနိုင်ငံတွင် လေထုသန့်ရှင်းကြည်လင်မှုနှင့်အတူ ဆယ်စုနှစ် ပေါင်းများစွာကပင် မမြင်မတွေ့ခဲ့ရသည့် ဟိမဝန္တာတောင်တန်းကြီး ကို အဝေးမှ ပြန်လည်မြင်တွေ့လာရသည်။ ဂင်္ဂါမြစ်၏ ရေအလျဉ် သည် ကြည်လင်လာခဲ့ပြီး ရေအောက်တွင် ကူးခတ်နေသည့် ငါးများကိုပင် မြင်တွေ့နိုင်ကြသည်။ အီတလီနိုင်ငံ ဗင်းနစ်မြို့ရှိ တူးမြောင်း များမှာလည်း သန့်ရှင်းမှုနှင့်အတူ တည်ငြိမ်နေပြီး ယခင်က မမြင်မတွေ့ကြရသည့် ပင်လယ်ရေသတ္တဝါများ ကူးခတ်ဝင်ရောက် လာသည်။ အမေရိကန်နှင့် ဗြိတိန်ရှိ မြို့ အချို့တွင် မြို့တွင်းလမ်း များပေါ်တောတိရစ္ဆာန်များ ဝင်ရောက်သွားလာကြသလို ထိုင်းနိုင်ငံ ကမ်းရိုးတန်းတွင်လည်း ရေနွေးခေါ်နို့တိုက်ပင်လယ်ရေသတ္တဝါများ ကို အုပ်လိုက်တွေ့မြင်ကြရကြောင်း သတင်းများတွင်တွေ့ရှိရသည်။ သာမန်အားဖြင့်ဆိုလျှင် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်အခြေအနေ ဤမျှကောင်းမွန်သည့် အနေအထားသို့ ရောက်ရှိရန် မဖြစ်နိုင်သော်လည်း အသက်အန္တရာယ် ထိခိုက်စေနိုင်သည့် ကူးစက်မြန် ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးမှ လူသားများ မဖြစ်မနေ ငြိမ်သက်စွာနေလိုက်ကြရသည့်အခါ သဘာဝပတ်ဝန်းကျင်အခြေ အနေများ တိုးတက်ကောင်းမွန်လာရခြင်းဖြစ်သည်။

လူတို့နေထိုင်ရာ မြေကမ္ဘာကြီးမှာ လူတို့၏ ပယောဂကြောင့်ပင် ညစ်ညမ်းမှုများစွာဖြင့် ဖျားနာနေခဲ့သည်မှာ ရာစုနှစ်နှင့်ပင်ချီ၍ ကြာမြင့်ခဲ့ပြီဟု ဆိုနိုင်သည်။ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ မြေဆီလွှာညစ်ညမ်းမှု စသည့်ပတ်ဝန်းကျင်ညစ်ညမ်းမှုများအားလုံး ၏ လက်သည်မှာ လူသားတို့ပင်ဖြစ်သည်။ ကား၊ ရထား၊ သင်္ဘော၊ လေယာဉ်ပျံ၊ စက်ရုံအလုပ်ရုံများ စသည်တို့တွင် သုံးစွဲသည့် လောင်စာ များ လောင်ကျွမ်းမှုမှ နှစ်စဉ်တန်ချိန် သန်းပေါင်းများစွာသော ဓာတ်ငွေ့များနှင့် အမှုန်များ လေထုထဲသို့ ရောက်ရှိညစ်ညမ်းသည်။ စက်မှုလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ စည်ပင်သာယာ မိလ္လာ စနစ်တို့မှ နေ့စဉ်ဂါလန်သန်းပေါင်းများစွာသော ရေဆိုးများ၊ စွန့်ပစ် ပစ္စည်းများ၊ ဓာတုဓာတ်ကြွင်းများ ရေထုထဲသို့ စွန့်ထုတ်နေသည့် အတွက် ရေထုညစ်ညမ်းသည်။ မြေဆီလွှာသည်လည်း သစ်ပင် သစ်တောများ ခုတ်ထွင်ရှင်းလင်းမှု၊ စိုက်ပျိုးရေးအတွက် ဓာတ်မြေ ဩဇာနှင့် ပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲမှု၊ ရေလေတို့ တိုက်စားမှု၊ အမှိုက်များစွန့်ပစ်မှုတို့ကြောင့် ကမ္ဘာ့မြေဆီလွှာများ ညစ်ညမ်းပျက်စီးရသည်။ ထို့အပြင်လည်း ဆူညံသံများကြောင့် အသံ ညစ်ညမ်းမှု၊ တောက်ပသော အလင်းရောင်များနှင့် မှန်ချပ်အလင်းပြန် မှုများကြောင့် အလင်းညစ်ညမ်းမှု၊ ဧရာမဆိုင်းဘုတ်များ၊ မီးကြိုး ဖုန်းကြိုးများကြောင့် မြင်ကွင်းညစ်ညမ်းမှုများဟူ၍လည်း ရှိသေး သည်။ မည်သည့်ညစ်ညမ်းမှုပင်ဖြစ်စေ အဓိကလက်သည်မှာလူပါပေ။

ယခုအခါ ကိုဗစ်-၁၉ ကြောင့် လူများ ဘီလီယံနှင့်ချီ၍ အိမ်တွင်း အောင်းကြရသည့်အခါ ပတ်ဝန်းကျင်သန့်ရှင်းမှု ပိုမိုကောင်းမွန်လာ သော်လည်း အခြားတစ်ဖက်မှလည်း ဆေးရုံစွန့်ပစ္စည်းများ ပိုမို ထွက်ရှိလာခြင်းနှင့်စပ်လျဉ်းသည့် စိုးရိမ်မှုများကိုပါ ကမ္ဘာ့သတင်း များတွင် ဖော်ပြလာကြသည်ကို တွေ့ရသည်။ မိမိတို့နိုင်ငံအနေဖြင့် လည်း ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကန့်သတ်စောင့်ကြည့်နေရာများမှ စွန့်ပစ်ပစ္စည်းများ၊ အကြွင်းအကျန်များနှင့် အမှိုက်များ၊ ကုသရေး ဌာနများနှင့် ဆေးရုံများမှ စွန့်ပစ်ပစ္စည်းများကို ပြင်ပသို့ တစိုးတစိမျှ မထွက်စေဘဲဖျက်ဆီးရန် လိုအပ်မည်ဖြစ်သလို ပြည်သူများကိုလည်း အသိပညာပေးရန် လိုအပ်မည်ဖြစ်သည်။ အများပြည်သူသွားလာ သည့်နေရာများ၊ ပလက်ဖောင်းစင်္ကြံများနှင့် လမ်းများပေါ်တွင် နေရာအနှံ့ တွေ့မြင်နေရသည့် စွန့်ပစ်နှာခေါင်းစည်းများနှင့် လက်အိတ်များသည်လည်း အန္တရာယ်ရှိပစ္စည်းများဖြစ်ရာ အသုံးပြု ပြီးနောက် အလွယ်တကူလွင့်မပစ်ဘဲ စနစ်တကျ စွန့်ပစ်ရန် ဖြစ်သည်ကို လူတိုင်းသိစေအပ်ပါကြောင်း။