ရန်ကုန်  ၁၃   ဒီဇင်ဘာ 


မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော် ပရဝဏ်အတွင်းရှိ စေတီတော်များတွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ မကိုဋ်(၃)ဆင့် ရွှေထီးတော်များအား  ပင့်ဆောင်ပူဇော်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် ရင်ပြင်တော်၌ ပြုလုပ်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်ကြည်ညိုသည်။

 

2


အခမ်းအနားတွင် ဆရာတော်သံဃာတော်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေနှင့် အလှူရှင် များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ မကိုဋ်(၃)ဆင့် ရွှေထီးတော် များအား ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်မှ ရင်ပြင်တော်ပေါ်ရှိ ချမ်းသာကြီး တန်ဆောင်း သို့ ပင့်ဆောင်ပူဇော်ကြသည်။ 


အဆိုပါ ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်၊ မကိုဋ်(၃)ဆင့် ရွှေထီးတော်များအား ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်ရှိ ချမ်းသာကြီး တန်ဆောင်းတွင် ယနေ့ ညနေပိုင်းမှ စတင်ကာ ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းအထိ (၃) ရက်တာ အပူဇော်ခံ ထားရှိသွားမည်ဖြစ်သည်။

 

2


စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော် ပရဝဏ်အတွင်း၌ ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် ရွှေထီးတော် တင်လှူပွဲနှင့်အတူ ရဟန်း၊ရှင်သာမဏေ အပါး ( ၅၂၀၀ ) အား သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခြင်း၊ ဆွမ်းဆန်စိမ်း လောင်းလှူ ခြင်း ပူဇော်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 


(သတင်းစဉ်)