ရန်ကုန် ၁၁ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်ပရဝုဏ်အတွင်းရှိ စေတီတော်များတွင် တင်လှူပူဇော်မည့် ရွှေထီးတော်များအား မွန်ပြည်နယ် ကျိုက်ထီးဆောင်းမှ ပင့်ဆောင်ကာ ရွှေတိဂုံစေတီတော်တွင် အပူဇော်ခံထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေထီးတော်များအား ရွှေတိဂုံစေတီတော်တွင် ဒီဇင်ဘာ ၁၃ ရက်မှ ၁၄ ရက်အထိ အပူဇော်ခံထားရှိပြီး ဒီဇင်ဘာ ၁၅ ရက်တွင် ရွှေတိဂုံစေတီတော်မှ စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်သို့ ပြန်လည်ပင့်ဆောင်မည်ဖြစ်ရာ ရွှေထီးတော်များ ပင့်ဆောင်ရာလမ်းတစ်လျောက်ရှိ မြို့များတွင်လည်း အပူဇော်ခံထားရှိမည်ဖြစ်သည်။
အဆိုပါ ရွှေထီးတော်များအား စန္ဒကူးနံ့သာကျောင်းတော်ရာ ပုရဝုဏ်အတွင်းရှိ အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သော စေတီတော်များဖြစ်သည့် မဟာပုဏ္ဏရဟန္တာအရှင်မြတ်ကြီး၏ မူလကျောင်းတော်ရာစေတီ၊ အရှင်မဟာပုဏ္ဏ၏ အဓိဌာန်စေတီ(၄)ဆူဖြစ်သော ရာဟုထောင့်တိုင်စေတီ၊ အင်္ဂါထောင့်တိုင်စေတီ၊ စနေထောင့်တိုင်စေတီ၊ တနင်္ဂနွေထောင့်တိုင်စေတီ၊ ရဟန္တာအရှင်မဟာပုဏ္ဏ၏ ဓာတ်တော်စေတီ၊ သိမ်ဦးစေတီ၊ ဖောင်တော်ဦးစေတီ၊ ကြက်ဆူးစေတီ၊ ဖောင်တော်ဦး အရံစေတီ(၂)ဆူ၊ သီရိဓမ္မာသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သော စေတီနှင့် တဝဂူဘုရား၊ သိုက်နန်းဘုရား၊ ဓမ္မပလ္လင်ဘုရား၊ ရှစ်မျက်နှာဘုရား၊ အရံစေတီ(၁၀၈)ဆူ အပါအဝင် စုစုပေါင်းစေတီ (၁၂၆)ဆူတို့၌ ထီးတော်တင်လှူပူဇော်သွားမည် ဖြစ်သည်။
ရွှေထီးတော်တင်လှူပွဲနှင့်အတူ ဘက်စုံပြုပြင်ခြင်း အောင်ပွဲအထိမ်းအမှတ်အဖြစ် ရဟန်း၊ ရှင်သာမဏေအပါး (၅၂၀၀)အား သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း ပူဇော်ပွဲများကို စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော် ပရဝုဏ်အတွင်း၌ ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
(သတင်းနှင့်ဓာတ်ပုံ/မင်းသစ်(MNA)