စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး အရန်စေတီပေါင်း ၁၂၆ ဆူ ထီးတော်တင်လှူပွဲနှင့် ရှင်အပါး (၅၀ဝ၀) ရှင်ပြုပွဲ အလှူရှင်မိသားစုနှင့် ရဟန်းလောင်းများကို ဆံချခြင်းနှင့် သင်္ကန်းဝတ်ခြင်း အခမ်းအနား ဆက်လက်ကျင်းပ

ပွင့်ဖြူ ၂၃ ဒီဇင်ဘာ     

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ အရန်စေတီတော်ပေါင်း (၁၂၆) ဆူ ထီးတော်တင်လှူပူဇော်ခြင်းနှင့် ဘက်စုံမွမ်းမံတည်ဆောက်ခြင်း အောင်ပွဲအထိမ်းအမှတ် ရဟန်း၊ ရှင်သာမဏေအပါး(၅၀ဝ၀) တို့အား သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခြင်း ရဟန်းခံရှင်ပြုပွဲ အလှူရှင်မိသားစုနှင့် ရဟန်းလောင်းများကို ဆံချခြင်းနှင့် သင်္ကန်းဝတ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ယာယီမင်္ဂလာမဏ္ဍပ်တွင် ဆက်လက်ကျင်းပပြုလုပ်ကြောင်း သိရသည်။ 

ရှေးဉီးစွာ အခမ်းအနားကို ပင့်သံဃာဆရာတော်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူရှင် မြန်မာနိုင်ငံလုံးဆိုင်ရာ နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ဗဟို)ဉက္ကဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ နှင့် ဇနီး သီရိသုဓမ္မသီင်္ဂီ ဒေါ်စန်းစန်းကြွယ်(ဇေကမ္ဘာမိသားစု) နှင့်  စေတနာရှင် အလှူရှင်များ၊ ဒေသခံပြည်သူများက နမောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။  ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ အလှူရှင်မိသားစုနှင့် ဧည့်ပရိသတ်များက ကျိုက်ထီးဆောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဒေါက်တာဘဒ္ဒန္တ နာဂဒီပ ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး အလှူရှင်မိသားစုအဖွဲ့က အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ 

 

‌ေ

 

၎င်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့်  အလှူရှင် မြန်မာနိုင်ငံလုံးဆိုင်ရာ နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)ဉက္ကဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ တို့က သာသနာရေးဆိုင်ရာများကို အသီးသီး လျှောက်ထားပြီး ကျောင်းတော်ရာဆရာတော်ကြီး ဘဒ္ဒန္တ ဓမ္မာစာရ က ဩဝါဒကထာများ မြွက်ကြားခဲ့သည်။ 

ဆက်လက်၍ ပင့်သံဃာဆရာတော်ကြီးများက အလှူရှင်မိသားစု သာသနာ့ဒါယကာ(၁၅)ဦးအား ရဟန်းဝတ် ရန်အတွက် ဆံချခြင်း၊ သင်္ကန်းစည်းခြင်းနှင့် သရဏဂုံဆောက်တည်ခြင်းများ ပြုလုပ်ဆောင်ရွက်ပေးပြီး အခမ်းအနား အစီအစဉ် ပထမပိုင်းကို ရပ်နားခဲ့ကြောင်း သိရသည်။ 


အခမ်းအနား အစီအစဉ် ဒုတိယပိုင်းကို မွန်းလွဲ ၁ နာရီအချိန်တွင် ကျောင်းကြီးကျောင်းတိုက်အတွင်းရှိ စန္ဒကူး သိမ်တော်၌ အလှူရှင်မိသားစု သာသနာ့ဒါယကာရဟန်း(၁၅)ပါး သိမ်တက်မင်္ဂလာပြုခြင်းနှင့် သိမ်ဆင်းလောင်းလှူမည် ဖြစ်ပြီး ညနေ (၃)နာရီအချိန်တွင် ရှင်သာမဏေအပါး(၅၀ဝ၀)အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခြင်းများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

‌ေ

 

ယနေ့ ကျင်းပပြုလုပ်သည့် ပွင့်ဖြူမြို့နယ်၊ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး ပရဝုဏ်တွင်းရှိ စေတီတော်ပေါင်း(၁၂၆)ဆူ ထီးတော်တင်လှူပူဇော်ခြင်းနှင့် ဘက်စုံမွမ်းမံ တည်ဆောက်ခြင်း အောင်ပွဲအထိမ်းအမှတ် ရဟန်း၊ ရှင်သာမဏေအပါး(၅၀ဝ၀) တို့အား သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခြင်း ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာပွဲကို ယမန်နေ့မှ ဒီဇင်ဘာ ၂၄ ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်အတွင်း ပြည်သူများ စိတ်အပန်းဖြေ ကြည့်ရှုနိုင်ရေးအတွက် နိုင်ငံကျော်တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုအစီအစဉ်များ၊ အငြိမ့်မင်းသမီး သန္တာလင်းနှင့် အတူ ဟာသလူရွှင်တော် သီး(၄)သီးအဖွဲ့တို့၏ ဧည့်ခံဖျော်ဖြေ အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းရိုက်ကူးပေးပို့သူ -  သန်းနိုင်ဦး (ငဖဲ) ၊  ကျော်စိုးဝင်း (မင်းဘူး) ၊ ရဲဝင်းနိုင် (ညောင်ဦး)