ပွင့်ဖြူ ၂၂ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ အရန်စေတီတော်ပေါင်း(၁၂၆)ဆူ ထီးတော်တင်လှူပူဇော်ခြင်းနှင့် ဘက်စုံမွမ်းမံတည်ဆောင်ခြင်း အောင်ပွဲအထိမ်းအမှတ် ရဟန်း၊ ရှင်သာမဏေအပါး (၅၀၀၀) တို့အား သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခြင်း ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီ မင်္ဂလာမဏ္ဍပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို သာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် ဇနီး သီရိသုဓမ္မသီင်္ဂီ ဒေါ်စန်းစန်းကြွယ် (ဇေကမ္ဘာမိသားစု) ဦးဆောင်၍ စေတနာရှင်အလှူရှင်များ၊ ဒေသခံပြည်သူများက ဒေဝါဝင်း၊ ရာဇာဝင်း၊ ပုဂံဝင်းတို့ဖြင့် ကျောင်းတော်ရာကျေးရွာ၊ စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီမြတ်ကြီးနှင့် မင်္ဂလာမဏ္ဍပ်တို့အား စီတန်းရှင်လောင်းလှည့်လည်ခဲ့ကြသည်။ ၎င်းနောက် နံနက် ၉ နာရီတွင် မောင်ရှင်လောင်းများကို ကျိုက်ထီးဆောင်းဆရာတော်ကြီးနှင့် တာဝန်ရှိသူများက သာသနာ့ဘောင်သို့ သွတ်သွင်းနိုင်ရေး ရှင်သာမဏေ ပြုပေးခဲ့ကြသည်။
အဆိုပါ ရှင်သာမဏေ (၅၀၀၀) ရှင်ပြုအလှူတော်ပွဲတွင် လာရောက်ပါဝင်ဆင်နွှဲသည့် မင်းဘူး(စကု)မြို့နယ် မန်းရေနံမြေမှ အဘွားဒေါ်ဌေးက “အဘွားက မြေးလေးကို ရှင်ပြုဖို့အတွက် လိုက်လာတာပါ။ အဘွားရဲ့ မြေးလေးက အမေမရှိတော့ပါဘူး၊ မိစုံဖစုံ မရှိတဲ့အတွက် အလှူကြီးလှူဖို့ အဆင်မပြေပါဘူး၊ ဒါ့ကြောင့် ဦးခင်ရွှေ(ဇေကမ္ဘာမိသားစု)က ရှင်အပါး(၅၀၀၀) ရှင်သာမဏေပြုပွဲ လာရောက်ကျင်းပပေးတဲ့ပွဲမှာ အဘွားရဲ့မြေးလေးကို လာပြီးရှင်သာမဏေပြုပေးတာ ဖြစ်ပါတယ်။ ယခုလို ရှင်ပြုအလှူမင်္ဂလာပွဲ ပြုလုပ်ပေးတဲ့အတွက် မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ သာသနာ့ဘောင်သို့ ဝင်ရောက်လိုတဲ့ ကလေးတွေနဲ့ ရှင်ပြုပေးဖို့ အဆင်မပြေတဲ့သူတွေအတွက် ရှင်ပြုပေးခွင့်ရလို့ အဘွားအနေနဲ့ အရမ်းကို ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ပွင့်ဖြူမြို့နယ်၊ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ စေတီတော်ပေါင်း(၁၂၆)ဆူ ထီးတော်တင်လှူပူဇော်ခြင်းနှင့် ဘက်စုံမွမ်းမံ တည်ဆောင်ခြင်း အောင်ပွဲအထိမ်းအမှတ် ရဟန်း၊ ရှင်သာမဏေအပါး(၅၀၀၀) တို့အား သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခြင်း ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာပွဲကို ယနေ့မှ ဒီဇင်ဘာ ၂၄ ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်အတွင်း ပြည်သူများ စိတ်အပန်းဖြေ ကြည့်ရှုနိုင်ရေးအတွက် နိုင်ငံကျော်တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုအစီအစဉ်များ၊ 5 – Star လူရွှင်တော်အငြိမ့်၊ အငြိမ့်မင်းသမီး သန္တာလင်းနှင့်အတူ ဟာသလူရွှင်တော် သီး(၄)သီးအဖွဲ့တို့၏ ဧည့်ခံဖျော်ဖြေ အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းရိုက်ကူးပေးပို့သူ- သန်းနိုင်ဦး (ငဖဲ)၊ ကျော်စိုးဝင်း (မင်းဘူး)၊ ရဲဝင်းနိုင် (ညောင်ဦး)