မကွေး ၁၃ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ် နားတော်၊ မကိုဋ်(၃)ဆင့် ရွှေထီးတော် ဆက်ကပ်ခြင်း၊ လုံးတော်ပြည့်ရွှေရောင်စတီး သင်္ကန်းကပ်လှူခြင်း နှင့် ထီးတော်ဟောင်းကို ထီးစေတီအသစ် တည်ထားကိုးကွယ်ခြင်း မင်္ဂလာအခမ်းအနားများကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ စေတီတော်ဝင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ရှေးဦးစွာ ထီးတော်သစ်တင်လှူပွဲ မင်္ဂလာအခမ်းအနားကို စေတီတော်၏ တနင်္ဂနွေထောင့်ရှိ အင်ကြင်းတောဓမ္မာရုံ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်းပဋ္ဌမပြန် စာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ စန္ဒိမာ ဘိဝံသ၊ ဒုတိယကျိုက်ထီးဆောင်း ဆရာတော် ဘဒ္ဒန္တ နာဂဒီပ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ် တောင်တန်းဒေသ သာသနနုဂ္ဂဟအသင်း ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာ ခင်ရွှေနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် ဆရာတော် သံဃာတော်များထံမှ ကိုးပါးသီလနှင့် ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ကျိုက်ထီးဆောင်း ဆရာတော် ဘဒ္ဒန္တ နာဂဒီပ အရှင်သူမြတ်ထံမှ သြဝါဒကထာနာယူ၍ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆရာတော် အရှင်သူမြတ်တို့ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၏ အကျိုးတော် ဆောင်ချုပ်၊ သာသနာဓဇ ဓမ္မာစရိယ ဘဒ္ဒန္တ ဓမ္မာစာရ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းကာ အမျှပေးဝေကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အလှူရှင် မိသားစုနှင့်အတူ စေတီတော်တွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ မကိုဋ် သုံးဆင့် ရွှေထီးတော်ဘုံဆင့်များကို စေတီတော်ရင်ပြင်တွင် လက်ယာရစ် သုံးကြိမ်လှည့်လည် အပူဇော်ခံပြီး ပထမဘုံမှ သတ္တမဘုံအဆင့်ထိ ပင့်ဆောင်ပူဇော်ကြသည်။
ယနေ့ကျင်းပသည့် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၊ ရတနာ စိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲအခမ်းအနားသို့ အာရှဗုဒ္ဓဘာသာ အဖွဲ့ချုပ်မှ အဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံမှ ဆရာတော်အရှင်သူမြတ်များနှင့် ဒေသခံပြည်သူများ တက်ရောက် ပူဇော်ကြသည်။
သတင်းနှင့်ဓာတ်ပုံ/နေလင်း


