ညောင်ဦး အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်ရှိ စန္ဒကူးပင် ပျိုးထောင် ရောင်းချသူများ ပျိုးပင်ပြတ်သည်အထိ ရောင်းချရခြင်းကြောင့် လာမည့်နှစ် ပြန်လည်ပျိုးထောင်ချိန် စန္ဒကူးပင်(မျိုး) ပျိုထောင်သူ များပြားလာနိုင်ကြောင်း ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ကျေးရွာ စန္ဒကူးမျိုးစေ့ ပျိုးထောင်ရောင်းချသူ ဦးခင်မောင်သိန်းထံမှ သိရသည်။
စန္ဒကူးပျိုးထောင်ခြင်းအား စန္ဒကူးပင် အသီးသီးချိန် အစေ့ကောက်ယူ၍ သဲပုံပေါ်အစေ့များ ပက်ထားပြီး ပျိုးထောင်ရကြောင်း၊ အချို့ပျိုးပင်ထောင်သူများက စန္ဒကူးပင်အောက် အလေ့ကျပေါက်သည့် အပင်ပေါက်များကို မိုးသည်းထန်စွာ ရွာသွန်းချိန် နုတ်ယူပြီး ပျိုးအိတ်ပြောင်းထည့်ကာ ပျိုးထောင်ကြကြောင်း၊ စန္ဒကူးပင် ပျိုးထောင်ပြီး နှစ်နှစ်သားမှ ငါးနှစ်သားအထိ အိတ်သုံးမျိုးလောက်ပြောင်းပြီး အပင်ကြီးထွားမှ စိုက်ပျိုးလျှင် စိတ်ချရကြောင်း၊ စန္ဒကူးဈေးနှုန်းလည်း အပင်သန်မာကြီးထွားမှု၊ ပျိုးပင်ဖြောင့်မှုဖြင့် ကွာခြားကြောင်း သိရသည်။
တစ်နှစ်သားအပင်တစ်ပင်ကို ၅၀၀ ကျပ်၊ နှစ်နှစ်သားနှင့် သုံးနှစ်သားအပင်ကို ၄၅၀၀ ကျပ်မှ ၆၀၀၀ ကျပ်ထိ ရောင်းချရကြောင်းလည်း သိရသည်။ ယခုနှစ်ပိုင်းတွင် နှစ်ရှည်ပင်ဖြစ်သည့် စန္ဒကူးခြံ စိုက်ပျိုးမှု များပြားလာခဲ့ပြီး ပျိုးပင် ပျိုးထောင်ရောင်းချသူများမှာ ပျိုးပင်ပြတ်သည်အထိ ရောင်းချရခြင်းများကြောင့် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြောင်း ညောင်ဦးမြို့နယ် စန္ဒကူးပျိုးပင် ပျိုးထောင်ရောင်းချသူ ဦးဝင်းတင့်က ရှင်းပြသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)