ရန်ကုန် ၅ အောက်တိုဘာ
စနေ၊ တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း (သိမ်ဖြူလမ်း)ကို ယနေ့နံနက်ပိုင်းတွင် ပုံမှန်ပြန်လည်ဖွင့်လှစ် ရောင်းချလျက်ရှိပြီး ဆိုင်ခန်းပေါင်း ၇၀ ကျော်ရှိကြောင်း သိရသည်။
“ဆိုင်ခန်းပေါင်း ၇၇ ခန်းစာရင်းရှိပါတယ်၊ တနင်္ဂနွေနေ့မှာ စာပေဟောပြောပွဲနဲ့ စာပေပဟေဠိ အစီအစဉ်တွေကို စီစဉ်နေပါတယ်” ဟု စာအုပ်လမ်းကော်မတီ၏ အတွင်းရေးမှူး ဦးအောင်ကျော်မိုးက ပြောသည်။
တနင်္ဂနွေနေ့တွင် ပေါ်ပြူလာဂျာနယ်၏ စီစဉ်ပံ့ပိုးမှုဖြင့် စာပေအမေးအဖြေ ပဟေဠိ အစီအစဉ်ကို မွန်းလွဲပိုင်း၌ ကျင်းပသွားမည်ဖြစ်၍ စာပေဝါသနာရှင်များ ပါဝင်နိုင်ကာ စာအုပ်ဆုများကိုလည်း ရယူနိုင်ကြောင်း သိရသည်။
ရန်ကုန်(စနေ-တနင်္ဂနွေ) စာအုပ်လမ်းကို ပြန်ကြားရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့၏ ပံ့ပိုးမှုဖြင့် စာအုပ်စာပေ ဖွံ့ဖြိုးတိုးတက်စေရန် ၂၀၁၇ ခုနှစ်၊ ပွင့်လင်းရာသီမှ စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းက စာအုပ်မိတ်ဆက်ပွဲ၊ စာပေဟောပြောပွဲနှင့် စာပေပဟေဠိပွဲများ စီစဉ်ပေးကာ ဒီဇင်ဘာလကုန်အထိ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇင်ဝင်း


