နေပြည်တော် ဩဂုတ် ၁၃

ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်အား CNF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့နံနက် ၂ နာရီ ၃၀ မိနစ်မှစ၍ လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြုကာ နေရာ ၄ နေရာခွဲ၍ အလစ်အငိုက်ချဉ်းကပ်ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

CNF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ဖလမ်းမြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်အား အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း တပ်ရင်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ ရဲမေများအနေဖြင့် တပ်ရင်းလုံခြုံရေးအတွက် အသင့်စုဖွဲ့ထားရှိပြီး လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိမှုနှင့် ချက်ချင်းတုံ့ပြန်ပစ်ခတ်နိုင်မှုကြောင့် အကြမ်းဖက်အဖွဲ့များသည် တပ်ရင်းဌာနချုပ်အား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ နံနက် ၃ နာရီခန့်တွင် အကျအဆုံးများစွာဖြင့် တပ်ရင်းဌာနချုပ်၏ အနောက်တောင်ဘက်သို့ ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ အဆိုပါ တပ်ရင်းဌာနချုပ်နေရာသို့ စစ်ကူစစ်ကြောင်းများမှလည်း အချိန်မီရောက်ရှိလာပြီး ရန်သူဆုတ်ခွာရာနောက်သို့ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်တွင် အကြမ်းဖက်အဖွဲ့များထံမှ အလောင်းများနှင့်လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်