ရန်ကုန် ၂၂ ဇန်နဝါရီ
စင်ကာပူ-မြန်မာ-အိန္ဒိယ (မွန်ဘိုင်းနှင့်ချန်နိုင်း) သုံးနိုင်ငံအကြား စွမ်းအားမြင့် ရေအောက်ကေဘယ် MIST ကို စတင်တည်ဆောက်နေပြီဖြစ်ကြောင်း ယနေ့ ဆူးလေရှန်ဂီလာ၌ ကျင်းပပြုလုပ်သော အဆိုပါ စီမံကိန်းနှင့်ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

"ကျွန်တော်တို့ ဒီစီမံကိန်းဆောင်ရွက်နိုင်ခြင်းကြောင့် ဒေတာအမြန်နှုန်းတိုးဖြစ်ပြီး အရှေ့တောင်အာရှ ဒေသတွင်း ဆောင်ရွက်နေတဲ့ နိုင်ငံတကာ ရေအောက်ကေဘယ်တည်ဆောက်ရေး မဟာဗျူဟာမြောက်စီမံကိန်းရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်"ဟု NTT Ltd ၏ အမှုဆောင်အရာရှိချုပ် Mr.Sutas Kongdumrongkait က ပြောသည်။
အမေရိကန်ဒေါ်လာသန်း ၄၀ဝ ရင်းနှီးမြှုပ်နှံထားသည့် အဆိုပါ ရေအောက်ကေဘယ်သည် အရှည်အားဖြင့် ကီလိုမီတာ ၁၁၀ဝ၀ ရှည်လျားပြီး ၂၀၂၂ ခုနှစ် ဇွန်လတွင် လုပ်ငန်းစတင်လည်ပတ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကုမ္ပဏီက မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လုပ်ငန်လိုင်စဉ်ရယူကာ NTT Myanmar ရုံးကိုလည်း စတင်ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်နေသည့် သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ၏ လိုအပ်ချက်များအတွက် ဒီဂျစ်တယ်နည်းပညာ ဖြေရှင်းချက်များအား အရှိန်အဟုန်မြှင့် တိုးချဲ့လုပ်ဆောင်သွားနိုင်တော့မည် ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍသည် နှစ်စဉ် ၆ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ တိုးတက်လျက်ရှိပြီး ယင်းတိုးတက်မှုသည် ဖွံ့ဖြိုးဆဲ အာရှနိုင်ငံအများစု၏ အသားတင်ထုတ်လုပ်မှုတန်ဖိုး GDP တိုးတက်မှုနှုန်းထက်ပင် မြင့်မားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေအောက်ကေဘယ်စီမံကိန်း ထူထောင်နိုင်မှုကြောင့် ဒေတာစီမံခန့်ခွဲမှု ဆော့ဝဲလ်နည်းပညာများ အလျင်အမြန် တိုးတက်လာပြီး မြန်မာ့ဒီဂျစ်တယ်စီးပွားရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို များစွာအထောက်အကူ ပြုမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို ကမ္ဘာ့ထိပ်တန်း နည်းပညာဝန်ဆောင်မှု လုပ်ငန်းစုကြီးဖြစ်သော NTT Ltd က အမေရိကန်ဒေါ်လာ သန်း ၄၀ဝ ရင်းနှီးမြှုပ်နှံ၍ တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံအာကာစိုး