နေပြည်တော် ၂၅ မတ်

 


စင်ကာပူ-မြန်မာ ဥပဒေရေးရာ ပူးပေါင်းဖလှယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ စင်ကာပူနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့၏ တတိယအကြိမ်မြောက် ပူးတွဲကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် စင်ကာပူနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာန Senior Minister of State, H.E. Mr. Edwin Tong တို့က အမှာစကားများ ပြောကြားခဲ့ကြသည်။

 


အစည်းအဝေးတွင် စင်ကာပူနှင့် မြန်မာနိုင်ငံတို့အကြား မြန်မာနိုင်ငံဥပဒေကဏ္ဍ ဖွံ့ဖြိုးရေးအတွက် စင်ကာပူနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရှေ့နေချုပ်ရုံးတို့က သင်တန်းနှင့်အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပနိုင်ခဲ့မှု၊ ယင်းတို့တွင် ဥပဒေရေးဆွဲခြင်း၊ ဥပဒေဘာသာပြန်ဆိုခြင်း၊ Legal English၊ အပြည်ပြည်ဆိုင်ရာစေ့စပ်ညှိနှိုင်းခြင်း၊ တီထွင်မှု မူပိုင်ခွင့်၊ အနုညာတစီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ ဘာသာရပ်များ ပါဝင်မှု၊  ဥပဒေဘာသာ ပြန်ဆိုခြင်း၊  အသိဉာဏ်ပစ္စည်းဆိုင်ရာဥပဒေ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဥပဒေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေတို့နှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းများ၊ ဥပဒေအရာရှိများအား စာတွေ့လက်တွေ့ တွဲဖက်လေ့ကျင့်မည့် အစီအစဉ် များကို ၂၀၁၉-၂၀၂၀ ကာလအတွင်း တိုးမြှင့်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံဥပဒေကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင် ပိုမို ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ 

 


အစည်းအဝေးသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ စင်ကာပူဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း  သတင်းရရှိသည်။  

 

(သတင်းစဉ်)