စင်ကာပူ ၂၁ မေ
စင်ကာပူနိုင်ငံ၌ လာမည့်လအစောပိုင်းလောက်တွင် ကပ်ရောဂါဆိုင်ရာ လမ်းညွှန်ချက်များကို ဖြည်းဖြည်းချင်း ဖြေလျှော့ပေးသွားရန်နှင့် စီးပွားရေးလုပ်ငန်းအားလုံး၏ သုံးပုံနှစ်ပုံကို ပြန်လည်စတင်ရန် အစိုးရက စီစဉ်လျက်ရှိကြောင်း သိရသည်။
အရေးတကြီးလုပ်ဆောင်ရန်မလိုသည့် ကုမ္ပဏီများနှင့် ကျောင်းများကို ပြီးခဲ့သည့် ဧပြီ ၇ ရက်ကတည်းက စတင်ပိတ်ထားခဲ့သည်။ စီးပွားရေးလုပ်ငန်းအများစုကို လာမည့် ဇွန် ၂ ရက်တွင် ပြန်လည်လုပ်ကိုင်ခွင့် ပေးမည်ဖြစ်ကြောင်း အစိုးရအာဏာပိုင်များက မေ ၁၉ ရက်တွင် ကြေညာခဲ့သည်။
ပြန်လည်စတင် လုပ်ကိုင်ခွင့်ပြုမည့် စီးပွားရေးလုပ်ငန်းများထဲတွင် စက်မှုလုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် လုပ်ငန်းခွင်ဆောင်ရွက်မှုကို အတတ်နိုင်ဆုံး လူအင်အားအနည်းငယ်ဖြင့် လည်ပတ်စေမည်ဖြစ်ကာ အလုပ်သမားဝန်ထမ်းအများအပြားကို နေအိမ်မှနေ၍ အလုပ်လုပ်စေမည် ဖြစ်ကြောင်း ဆိုထားသည်။
စားသောက်ဆိုင်များနှင့် လက်လီအရောင်းဆိုင်များကို ဇွန် ၂ ရက်မှ စတင်ဖွင့်လှစ်ခွင့်ပြုရန် ရှိ မရှိ ကို လေးပတ်အတွင်း ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။
စင်ကာပူရှိ ကျောင်းများကိုလည်း ဇွန် ၂ ရက်မှ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အချို့အတန်းများတွင် ကျောင်း၌ သင်ယူခြင်းနှင့် နေအိမ်မှနေ၍ သင်ယူမှုကို တစ်လှည့်စီ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ