ဒီဇင်ဘာ ၂၁

 

စင်ကာပူနိုင်ငံ Pasir Ris ရှိ ကုန်တိုက်တစ်ခုတွင် ယမန်နေ့မွန်းလွဲပိုင်းက ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ တိုက်ခိုက်ခံရသူသုံးဦးနှင့် တိုက်ခိုက်သူတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသတွင်းမီဒီယာကဖော်ပြထားသည်။

 

အဆိုပါထိခိုက်ဒဏ်ရာရရှိသူများသည် အသက် ၅၃ နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် အသက် ၅၃ နှစ်နှင့် ၅၅ နှစ်အရွယ် အမျိုးသမီးနှစ်ဦးတို့ဖြစ်ကြသည်။ ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း စင်ကာပူရဲတပ်ဖွဲ့က ပြောကြားသည်။

 

တိုက်ခိုက်သူသည် အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အန္တရာယ်ရှိသောလက်နက်ဖြင့် ထိခိုက်နာကျင်အောင် လုပ်မှုဖြင့် ၎င်း၏ဆန္ဒအလျောက် အဖမ်းခံခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူလေးဦးသည် စိုးရိမ်ဖွယ်အခြေအနေမရှိကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်းပြောသည်။ ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။

 

 ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း  လူသတ်မှု၊ လုယက်မှု၊ ပြင်းထန်သောအနာတရဖြစ်မှုတို့အပါအဝင် ဓားထိုးမှုနှင့်ဆက်နွှယ်သည့် ပြစ်မှုပေါင်း ၁၅၀ ခန့်ရှိကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို