သတင်းနှင့်ဓာတ်ပုံ- ကိုကိုဇော်
ရန်ကုန် ဧပြီ ၄
မြန်မာနိုင်ငံ၌သင်္ကြန်ကာလနှင့် သင်္ကြန်လွန်ကာလများတွင် စက်သုံးဆီသုံးစွဲသူများ အဆင်ပြေစေ ရန်အတွက် စက်သုံးဆီတင် သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီ၊ စွမ်းအင် ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းတို့၏ ပူးပေါင်းစီစဉ် ဆောင်ရွက်မှုဖြင့် စင်ကာပူနိုင်ငံမှတင်သွင်း လာသည့် စက်သုံးဆီတင်သင်္ဘောကြီးများသည် ယနေ့နံနက် ပိုင်းမှစတင်၍ သီလဝါ ဆိပ်ကမ်းရှိ စက်သုံးဆီသိုလှောင်ကန်စခန်းJetty များသို့ ဆိုက်ကပ်ရောက်ရှိ လျက်ရှိရာ စွမ်းအင်ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေး အသင်းမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး ကြသည်။
စက်သုံးဆီတင်သင်္ဘောကြီးများ မြန်မာနိုင်ငံသို့ရောက်ရှိမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၊ ပြန်ကြားရေးကော်မတီဥက္ကဌ ဦးကျော်ကျော်က “အခုလက်ရှိသီလ ဝါ Terminal နဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ စက်သုံးဆီအခြေအနေကိုတင်ပြရမယ်ဆိုရင် မြန်မာတစ်နိုင်ငံ လုံးအတိုင်းအတာ 92 ဆိုရင် ၄၃၃၇၄၀၅ ဂါလန်ရှိပါတယ်၊ 95 မှာဆိုရင် ၁၀၄၈၀၅၁၄ ဂါလန်ရှိပါတယ်၊ 97 မှာဆိုရင် ၁၇၂၇၄၀၃ ဂါလန်ရှိပြီး ဒီဇယ်မှာဆိုရင် ၃၀၉၃၂၂၉၉ ဂါလန်ရှိပါတယ်၊ ပရီမီယံကတော့ ၂၉၇၈၉၄၅ ဂါလန် ဒီနေ့စာရင်းဖွင့်ကန်တိုင်းတွေအရဖြစ်ပါတယ်၊ ရက်အနေနဲ့ပြောမယ်ဆိုရင်တော့ 97 ကလွဲရင် ရက်သုံးဆယ် အတွက် အကုန်လုံးကျန်ရှိနေပါတယ်၊ လေးလပိုင်း ၁၅ ရက်အတွင်းမှာတော့ သင်္ဘောအစီးရေ ၁၃ စီးလောက်ရောက်ရှိမှာဖြစ်ပါတယ်၊ တန်အရေအတွက်ပြောရရင်တော့ ၂၁၈၀၁၄ တန်ဖြစ်ပါတယ်၊ ဂါလန်အရဆိုရင် တော့ ၆၀၈၃၇၃၀၈ ဂါလန် ၁၅ ရက်အတွင်းရောက်ရှိမှာဖြစ်ပါတယ်၊ အနီးစပ်ဆုံး ရောက်ရှိမှာကတော့ ၅ ရက်နေ့မှာဆိုရင် တန် ၁၆၀၀၀၊ ဂါလန်အနေအထားအရ ၄၇၉၃၉၂၀ ဂါလန်ဝင်မှာ ဖြစ်ပြီးတော့ ၅ ရက်အတွင်းမှာ သင်္ဘောသုံးစီးဝင်ဖို့ရှိပါတယ်၊ ဒီကနေ့ သီလဝါ ဆိပ်ကမ်းဒေသက Terminal များမှာသိုလှောင်ထားရှိတဲ့ စက်သုံးဆီ လက်ကျန် အခြေအနေကတော့ 92 RON ဂါလန် ၄၁ သန်းကျော်၊ 95 RON ဂါလန် ၁၀ သန်းကျော်၊ 97 RON ဂါလန် ၁ ဒသမ ၇ သန်းကျော်၊ ဒီဇယ်ဆီဂါလန် ၁၉ သန်းကျော်၊ ပရီမီယံဒီဇယ်ဂါလန် ၁၈ သန်းကျော်ရှိ နေပါတယ်”ဟု ပြောကြားသည်။
ထို့နောက် စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနမှ ဦးနိုင်ဝင်းထွန်းက စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ တာဝန်ပေးအပ်ချက်အရ စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ စစ်ဆေးရေးအရာရှိချုပ်ဦးဆောင် သော ဝန်ထမ်းများနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဝန်ထမ်းများအနေနဲ့ သီလဝါဆိပ်ကမ်းဒေသရှိ စက်သုံးဆီသိုလှောင်ကန်စခန်းJetty များသို့ ရောက်ရှိ ဆိုက်ကပ်လာသည့် စက်သုံးဆီတင်ဆောင်လာသော Tanker များတွင် စက်သုံးဆီပါရှိမှုနှင့် Terminal သိုလှောင် ကန်များမှလက်ခံရရှိမှုတို့အား တိုင်းတာခြင်းနှင့် Terminal များမှ စက်သုံးဆီအရောင်း ဆိုင်များနှင့်အခြားကဏ္ဍများသို့ စက်သုံးဆီဖြန့်ဖြူးပေးမှုများကို အနီးကပ်ကြီးကြပ်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ သီလဝါ Terminal များမှ စက်သုံးဆီဖြည့် တင်းပြီးထွက်ခွာသွားသည့် ဆီတင်ယာဉ်များသည် စက်သုံးဆီအရောင်းဆိုင်များသို့ အမှန်တကယ်ရောက် ရှိခြင်းရှိ၊မရှိနှင့် စက်သုံးဆီ အရောင်းဆိုင်များတွင် သတ်မှတ်ရည် ညွှန်းစျေးနှုန်းအတိုင်း ရောင်းချခြင်းရှိ၊ မရှိတို့ကို ပြည်နယ်နှင့်တိုင်း ဒေသကြီးအသီးသီးရှိ ကြီးကြပ်စစ်ဆေး ရေးအရာရှိရုံးများမှ ကြီးကြပ်စစ်ဆေး လျက်ရှိကြောင်း၊ စက်ရုံ အလုပ်ရုံများနှင့် အခြားကဏ္ဍလုပ်ငန်းများ အတွက်လည်း စက်သုံးဆီများကို ခွင့်ပြုပေးလျက်ရှိပြီး စက်သုံး ဆီအလုံအလောက်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကိုယ်စားလှယ်လုပ်ငန်းဌာန မန်နေဂျာ ဦးဖြိုးဇော်လွင်က “ကျွန်တော်တို့က သင်္ဘောတွေ ဝင်တာထွက်တာတွေကို ကျွန်တော်တို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကနေ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်၊ ဒီလိုမျိုးစီစဉ်ဆောင်ရွက်ပေး လျက်ရှိရာမှာ လစဉ်သင်္ဘောအစီးရေ ၃၀ နဲ့အထက်ကို ဝင်ရောက်လျက်ရှိပါတယ်၊ ဒီလို ဝင်တဲ့အခါမှာလည်းကျွန်တော်တို့ နှောင့်နှေးကြန့်ကြာမှု မရှိအောင် ရေကြောင်းအခြေအနေပေါ် မူတည်ပြီးတော့ နေ့ညအချိန်မရွေးဝင်ထွက်နိုင်အောင် ကျွန်တော်တို့ စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါ တယ်၊ မတ်လမှာဆိုရင်သင်္ဘောအစီးရေ ၃၂ စီးဝင်ပြီးတော့ ဆီအတင်အချ လုပ်ငန်းကိုဆောင်ရွက်ခဲ့ပါတယ်၊ ဧပြီလ မှာဆိုရင်တော့ ၄ ရက်နေ့အထိကို သင်္ဘော(၅)စီးဝင်ပြီးတော့ ကုန်တင်ကုန်ချလုပ်ငန်းဆောင်ရွက်သွားပါတယ်၊ အခုလက်ရှိ တံတားတွေမှာသင်္ဘော(၃)စီးကပ် ပြီးတော့ ဆီအတင်အချ လုပ်ငန်းတွေဆောင် ရွက်လျက်ရှိပါတယ်၊ ရှေ့ဆက်ပြီး တော့လည်းကျွန်တော်တို့ ဆိပ်ကမ်းကို သင်္ဘောဝင်ရောက်ဖို့အတွက် သတင်းပေးပို့ထားတဲ့ သင်္ဘောအစီးရေကတော့ သင်္ဘော(၈) စီးနဲ့(၁၀)စီးကြားမှာရှိပါတယ်၊ သင်္ဘောတွေရဲ့ အနေအထားအရတော့ စင်ကာပူတို့၊ မလေးရှားတို့ကနေ ကုန်တင်လုပ်ငန်းပြီး သွားတော့မှပဲ ကျွန်တော်တို့ဆီကို အကြောင်းကြားတာဖြစ်တဲ့အတွက်ကြောင့် ဒါကတော့လောလောဆယ် (၈)စီးနဲ့(၁၀)စီးအကြားပါ၊ လက်ရှိအများဆုံးကတော့ စင်ကာပူနိုင်ငံ ကနေတင် သွင်းလျက်ရှိပါတယ်”ဟု ပြောကြားသည်။
မြန်မာနိုင်ငံတွင်စက်သုံးဆီသုံးစွဲသူများ အဆင်ပြေစိတ်ချမ်းသာစွာသုံးစွဲနိုင်ရန်အတွက် သင်္ကြန် မတိုင်မီနှင့်သင်္ကြန်ပြီးကာများတွင်လည်း စက်သုံးဆီTanker များ စဉ်ဆက်မပြတ်ဝင်ရောက်နိုင်ရန် တာဝန် ရှိသူများက စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ သိရှိရသည်။