ဇွန် ၁၆

စင်ကာပူနိုင်ငံတွင် ဇွန်လ ၁၃ ရက်နေ့အထိ ကုန်ဆုံးသော သီတင်းပတ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု ၁၁၉ မှု ရှိရာ ယခင်သီတင်းပတ်ကထက် ၃၉ မှု မြင့်တက်လာခဲ့သည်ဟု အမျိုးသားပတ်ဝန်းကျင်အေဂျင်စီ အင်န်အီးအေမှ ယနေ့ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။

ပုံမှန်သွေးလွန်တုပ်ကွေးရောဂါ အများဆုံးဖြစ်ပွားလေ့ရှိသော ရာသီကာလအတွင်း ဝင်ရောက်လာချိန်နှင့် တိုက်ဆိုင်နေကြောင်း၊ ထိုရာသီကာလသည် ပုံမှန်အားဖြင့် မေလမှ အောက်တိုဘာလအထိ ဖြစ်ကြောင်း  အမျိုးသားပတ်ဝန်းကျင်အေဂျင်စီ အင်န်အီးအေက ပြောကြားခဲ့သည်။

စင်္ကာပူတစ်နိုင်ငံလုံးတွင် ဇွန် ၁၅ ရက်အထိ လက်ရှိကူးစက်ဖြစ်ပွားနေသော အစုလိုက်ဖြစ်ပွားမှု ၁၂ ခု ရှိရာ ယင်းတို့အနက် လေးခုကို အနီရောင်သတိပေးအဆင့်အဖြစ် သတ်မှတ်ထားသည်။ ထိုအဆင့်သည် ရောဂါကူးစက်မှု အနည်းဆုံး ၁၀ မှုနှင့်အထက် တွေ့ရှိထားကြောင်းကို ဆိုလိုသည်ဟု သိရသည်။

ဒေသတွင်းမီဒီယာများက နောက်ဆုံးကိန်းဂဏန်းသည် ၂၀၂၆ ခုနှစ်၏ အပတ်စဉ် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု  အရေအတွက် အမြင့်ဆုံးဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို