၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ကျင်းပမည့် စင်ကာပူနိုင်ငံ၌ကျင်းပမည့် ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတွင် ပရိသတ်များ ကြည့်ရှုခွင့်ရရှိမည်ဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းကျင်းပရခြင်းဖြစ်သောကြောင့် ပရိသတ်များကို ကွင်းဝင်ဆံ့သည့်အရေအတွက်အတိုင်း ကြည့်ရှုခွင့်ပြုမည်မဟုတ်ဘဲ အရေအတွက်အကန့်အသတ်ဖြင့်သာ ကြည့်ရှုခွင့်ပြုမည်ဖြစ်သည်။ ပုံမှန်အရ ယခုပြိုင်ပွဲကို ပြီးခဲ့သည့်နှစ်က ကျင်းပရမည်ဖြစ်သောကြောင့် ကပ်ရောဂါကြောင့် ယခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရကာ ပြိုင်ပွဲကျင်းပသည့်ပုံစံကိုလည်း ပြောင်းလဲခဲ့ရပြီး စင်ကာပူနိုင်ငံတစ်နိုင်ငံတည်းတွင်သာ ကျင်းပမည်ဖြစ်သည်။
စင်ကာပူဘောလုံးအဖွဲ့ချုပ်သည် စင်ကာပူပရိသတ်များအတွက် အိမ်ရှင်စင်ကာပူအသင်း၏ အုပ်စုပထမသုံးပွဲအတွက် လက်မှတ်များကို နိုဝင်ဘာ ၂၈ ရက်တွင် စတင်ရောင်းချပေးနေပြီး အခြားနိုင်ငံများမှ ပရိသတ်များနှင့် အခြားအုပ်စုပွဲစဉ်များအတွက် လက်မှတ်များကို ဒီဇင်ဘာ ၁ ရက်တွင် စတင်ရောင်းချမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို ဒီဇင်ဘာ ၅ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး လက်ရှိတွင် အုပ်စုပွဲလက်မှတ်များ ရောင်းချနေခြင်းဖြစ်ကာ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲအတွက် လက်မှတ်များကိုမူ အုပ်စုပွဲစဉ်များပြီးဆုံးမှသာ ရောင်းချသွားမည်ဖြစ်သည်။
အုပ်စုပွဲစဉ်၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲတို့ကို စင်ကာပူနိုင်ငံရှိ အမျိုးသားအားကစားကွင်းနှင့် ဘစ်ရှန်ကွင်းတို့၌ ပြုလုပ်မည်ဖြစ်ပြီး ကွင်းဝင်ဆံ့သည့် ပရိသတ်ဦးရေ၏ ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ အကြား ကြည့်ရှုခွင့်ပြုသွားမည်ဖြစ်သည်။ ထို့ကြောင့် ပရိသတ် ၅၅၀၀၀ ဆံ့ အမျိုးသားအားကစားကွင်းတွင် ပရိသတ်စုစုပေါင်း ၁၀၀၀၀၊ ပရိသတ် ၆၀၀၀ ဝန်းကျင်ဆံ့ ဘစ်ရှန်ကွင်း၌ ပရိသတ် ၁၀၀၀ ကြည့်ရှုခွင့်ပြုသွားမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ အုပ်စု (က) ပွဲစဉ်များကို အမျိုးသားအားကစားကွင်း၊ အုပ်စု (ခ) ပွဲစဉ်များကို ဘစ်ရှန်ကွင်းတို့၌ အဓိကပြုလုပ်မည်ဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲများကို တစ်ချိန်တည်းကစားမည်ဖြစ်သောကြောင့် ကွင်းနှစ်ကွင်း၌ တစ်ပြိုင်တည်းကျင်းပမည်ဖြစ်သည်။
နောက်ဆုံးအဆင့်တွင် အသင်းစုစုပေါင်း ၁၀ သင်းယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (က) တွင် ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမော၊ အုပ်စု (ခ) တွင် ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် လာအိုအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲစဉ်များအဖြစ် ဒီဇင်ဘာ ၅ ရက်တွင် စင်ကာပူအသင်း၊ ဒီဇင်ဘာ ၈ ရက်တွင် တီမောအသင်း၊ ဒီဇင်ဘာ ၁၁ ရက်တွင် ထိုင်းအသင်း၊ ဒီဇင်ဘာ ၁၈ ရက်တွင် ဖိလစ်ပိုင်အသင်းတို့နှင့် ကစားရမည်ဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲဖြစ်သည့် ဖိလစ်ပိုင်နှင့် တစ်ပွဲတည်းသာ ဘစ်ရှန်ကွင်း၌ ကစားရမည်ဖြစ်ကာ ကျန်ပွဲများကိုမူ အမျိုးသားအားကစားကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
သတင်း-ရဲရင့်လွင်