နေပြည်တော် ၂ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် စင်ကာပူရောက် မြန်မာနိုင်ငံသား များသည် မြန်မာသံရုံး၊ စင်ကာပူမြို့၌ အောက်တိုဘာ ၁ ရက်မှစတင်၍ ကြိုတင်ဆန္ဒမဲပေးမှုများ စတင်ပြုလုပ် လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကြိုတင်ဆန္ဒမဲပေးရာတွင် အောက်တိုဘာ ၁ ရက်တွင် မဲဆန္ဒရှင် (၈၀၀)ခန့်နှင့် ယနေ့တွင် မဲဆန္ဒရှင် (၁၄၀၀)ခန့် ဆန္ဒမဲလာရောက် ပေးခဲ့ကြကြောင်း သိရသည်။
မဲဆန္ဒရှင်များအနေဖြင့် သံရုံးမှ သတ်မှတ်ပေးထားသည့် လူစုလူဝေးမဖြစ်စေရန် ခပ်ခွာခွာနေခြင်း (Safe Distancing) စည်းကမ်းများနှင့်အညီ တန်းစီစောင့်ဆိုင်းခြင်း၊ အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်းများ ပြုလုပ်ကြရပြီး၊ မဲလက်မှတ် များထုတ်ယူ၍ ဆန္ဒမဲပေးရကြောင်း၊ ကိုဗစ်ကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့် မဲဆန္ဒရှင်များ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရခြင်း မရှိစေရန်အတွက် မိမိဆန္ဒမဲလာရောက်ပေးလိုသည့် နေ့ရက်နှင့် အချိန်တို့ အတွက် သံရုံး၏ ဝက်ဘ်ဆိုဒ်တွင် Online Appointment ကြိုတင်ချိန်းဆို ရယူထားရပြီး၊ မဲပေးသည့်နေ့တွင် အဆိုပါ Appointment Letter ကို ပြသရန်လိုအပ်ကြောင်း၊ မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်သည့် နိုင်ငံကူးလက်မှတ် (သို့မဟုတ်) အိုင်စီကတ်၊ ယာဉ်မောင်းလိုင်စင် စသည့် အထောက်အထား တစ်ခုခုပြသရန် လိုအပ်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံမှ ကြိုတင်ဆန္ဒမဲပေးခွင့်ရသည့် စင်ကာပူရောက် မြန်မာနိုင်ငံသား (၃၂၀၀၀) ခန့်ရှိပြီး ဆန္ဒမဲပေးမှုကို အောက်တိုဘာ ၁ ရက်မှ ၁၈ ရက်အထိ မဲရုံဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူပင် ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့်လည်း မြန်မာသံရုံး၊ ဆိုးလ်မြို့တွင် ယနေ့မှစတင်၍ ကြိုတင်ဆန္ဒမဲပေးမှုများ စတင်ပြုလုပ်လျက်ရှိသည်။
ကိုရီးယားသမ္မတနိုင်ငံ အနှံ့အပြားတွင် ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား မဲဆန္ဒရှင် (၁၄၀၀)ကျော်ခန့်သည် ဆန္ဒမဲပေးရမည့် ပထမနေ့ဖြစ်သည့် ယနေ့တစ်ရက်တည်းတွင်ပင် အနယ်နယ်အရပ်ရပ်မှ အဝေးပြေး ကားကြီးများကို စင်းလုံးငှားရမ်း၍ အဖွဲ့လိုက်သော်လည်းကောင်း၊ တစ်ဦးချင်းသော် လည်းကောင်း သံရုံးသို့လာရောက်၍ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
ဆိုးလ်မြို့၊ မြန်မာသံရုံးမှလည်း ကြိုတင်မဲလာရောက်ပေးသူများအား ကိုရီးယားသမ္မတနိုင်ငံမှ ချမှတ်ထားသော စည်းကမ်းများ၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရန်အတွက် လက်သန့်ဆေးရည်များ၊ နှာခေါင်းစည်းများနှင့် တစ်ခါသုံး လက်အိတ်များကို ပံ့ပိုးပေးခဲ့သည်။
ကိုရီးယားသမ္မတနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများမှ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးရန်အတွက် ပုံစံ(၁၅)ဖြည့်စွက်၍ ကြိုတင်ဆန္ဒမဲလက်မှတ် တောင်းခံထားသူ မြန်မာနိုင်ငံသားဦးရေ (၉၈၁၀) ရှိပြီး ဆန္ဒမဲပေးမှုကို အောက်တိုဘာ ၂ ရက်မှ ၁၁ ရက်အထိ မဲရုံဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်