ဖေဖော်ဝါရီ ၁
စင်ကာပူနိုင်ငံသို့ ယမန်နှစ်က နိုင်ငံခြားခရီးသွား ၁၃ ဒသမ ၆ သန်းဝင်ရောက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်က နိုင်ငံခြားခရီးသွားဝင်ရောက်မှု၏ ၇၁ ရာခိုင်နှုန်းခန့်ရှိသည်ဟု စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ အက်စ်တီဘီက ယနေ့တွင်ပြောကြားသည်။ လွန်ခဲ့သောနှစ်က ခရီးသွားဝင်ရောက်မှုအများဆုံးနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံမှ ခရီးသွား ၂ ဒသမ ၃ သန်း၊ တရုတ်ပြည်မကြီးမှခရီးသွား ၁ ဒသမ ၄ သန်းနှင့် မလေးရှားနိုင်ငံမှခရီးသွား ၁ ဒသမ ၁ သန်း အသီးသီးဝင်ရောက်ခဲ့သည်ဟု သိရသည်။ စင်ကာပူနိုင်ငံ၏ခရီးသွားအသုံးစရိတ်ဇယားတွင် တရုတ်ပြည်မကြီးက စင်ကာပူဒေါ်လာ ၂ ဒသမ ၃ ဘီလီယံဖြင့် ထိပ်တန်းကရပ်တည်ပြီး ၎င်းနောက်တွင် အင်ဒိုနီးရှားနှင့် ဩစတြေးလျနိုင်ငံတို့ဖြစ်သည်။ လွန်ခဲ့သောနှစ် စက်တင်ဘာလအထိ ခရီးသွားလုပ်ငန်းက အလုပ်အကိုင်ပေါင်း ၇၂၀၀၀ ကို ဖန်တီးပေးခဲ့ရာ ၂၀၁၉ ခုနှစ်က အလုပ်အကိုင်ဖန်တီးပေးမှု၏ ၈၈ ရာခိုင်နှုန်းခန့်ရှိသည်ဟု အက်စ်တီဘီကဆိုသည်။ ၂၀၂၄ ခုနှစ်တွင် စင်ကာပူနိုင်ငံသို့ နိုင်ငံတကာခရီးသွား ၁၅ မှ ၁၆ သန်းဝန်းကျင် ဝင်ရောက်ရန်မျှော်မှန်းထားပြီး ခရီးသွားလုပ်ငန်းမှစင်ကာပူဒေါ်လာ ၂၆ မှ ၂၇ ဒသမ ၅ ဘီလီယံ နီးပါးဝင်ငွေရရှိရန် မျှော်လင့်ထားကြောင်း အက်စ်တီဘီက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို