(၁၆-၅-၂၀၂၀ ရက်၊ နေပြည်တော်)
နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်း ထားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၄၄) ဉီးအား မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines-MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် စတုတ္ထအသုတ် အဖြစ် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ၁၆-၅-၂၀၂၀ ရက်နေ့၊ မွန်းလွဲပိုင်း (၀၃:၁၅) နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့သည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှု ကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ ထားသည့် သတ်မှတ်ချက်များနှင့်အညီ သီးခြားသတ်မှတ် ပေးထားသည့်နေရာ သို့မဟုတ် သတ်မှတ်ဟိုတယ် များ၌ (၂၁) ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက်တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက် နှင့်အညီ မြန်မာသံရုံး၊ စင်ကာပူမြို့နှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်းလျက် စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေကြသဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုသော မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ် များဖြင့် ပြန်လည်ခေါ်ဆောင်လျက်ရှိရာ ပထမအသုတ် အဖြစ်(၁၄၄) ဦးအား ၇-၅-၂၀၂၀ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအသုတ် အဖြစ် (၁၄၄) ဦး အား ၉-၅-၂၀၂၀ ရက်နေ့တွင် လည်းကောင်း၊ တတိယအသုတ်အဖြစ် (၁၄၅) ဦး အား ၁၃-၅-၂၀၂၀ ရက်နေ့တွင်လည်းကောင်း ပြန်လည် ခေါ်ဆောင်ခဲ့ပြီး ဖြစ်သည့်အတွက် ယနေ့စတုတ္ထအသုတ် အပါအဝင် စုစုပေါင်း(၅၇၇) ဦးအား ပြန်လည်ခေါ်ဆောင် ပေးနိုင်ခဲ့ပြီး ဖြစ်သည်။ ဆက်လက်၍လည်း ၂၁-၅-၂၀၂၀ ရက်နေ့တွင် ပဥ္စမအသုတ် အဖြစ် မြန်မာနိုင်ငံသား (၁၄၆) ဉီးခန့်အား ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
Crd > Ministry of Foreign Affairs Myanmar


