နေပြည်တော် ၉ မေ
နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်း ထားခြင်းကြောင့် စင်ကာပူ နိုင်ငံတွင် အမှန်တကယ် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသား (၁၄၄) ဉီးအား မြန်မာ အမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines -MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ဒုတိယအသုတ်အဖြစ် ပြန်လည်ခေါ်ဆောင် ခဲ့ရာ ယနေ့ မွန်းလွဲပိုင်း တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှု ကြီးကြပ်ရေး၊ ကျန်းမာ ရေးစိစစ်ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ ထားသည့် သတ်မှတ်ချက်များနှင့်အညီ သီးခြားသတ်မှတ် ပေးထားသည့်နေရာ သို့မဟုတ် သတ်မှတ် ဟိုတယ်များ၌ (၂၁) ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက် နှင့်အညီ မြန်မာသံရုံး၊ စင်ကာပူမြို့နှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်း လျက် စင်ကာပူ နိုင်ငံတွင် အခက်အခဲကြုံ တွေ့နေကြသဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုသော မြန်မာနိုင်ငံသား (၁၄၄)ဦး အား ပထမအသုတ်အဖြစ် ၇-၅-၂၀၂၀ ရက်နေ့တွင် ပြန်လည် ခေါ်ဆောင်ခဲ့ပြီးနောက် ယနေ့တွင် ဒုတိယအသုတ် အဖြစ် ပြန်လည်ခေါ်ဆောင် ပေးခဲ့ခြင်းဖြစ်ရာ စုစုပေါင်း (၂၈၈)ဦးအား ပြန်လည် ခေါ်ဆောင် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ မေလ ၁၃ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့ နေကြသည့် မြန်မာနိုင်ငံသား (၁၄၆) ဉီးခန့်အားလည်း တတိယအသုတ်အဖြစ် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
MDN
Crd, နိုင်ငံခြားရေးဝန်ကြီးဌာန


