၁၁-၈-၂၀၂၀ ရက်၊ စင်ကာပူမြို့
COVID-19 တားဆီးကာကွယ်ရေးအစီအမံများကြောင့် စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများအား ၁၁-၈-၂၀၂၀ ရက်၊ ဒေသစံတော်ချိန် ၁၅:၃၀ နာရီတွင် (၁၃) ကြိမ်မြောက် Relief Flight အဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines-MNA) ပျံသန်း အမှတ် UB 1002 ဖြင့် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် စင်ကာပူနိုင်ငံသို့ ကာလတိုလာရောက်စဉ် ပိတ်မိနေသူများ၊ စင်ကာပူနိုင်ငံတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်း/ ရပ်နားခံထားရသူများ၊ ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသူများ၊ မြန်မာနိုင်ငံ၌ ဆေးကုသမှုပြန်လည်ခံယူရန် လိုအပ်နေသူများ၊ သင်္ဘောသားများ အပါအဝင် စုစုပေါင်း (၁၅၀) ဦး လိုက်ပါသွားကြသည်။
ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားများအနေဖြင့် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲ မရှိစေရေးနှင့် စင်ကာပူနိုင်ငံမှ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံအမတ်ကြီး ဦးဆောင်သော သံရုံးကိုယ်စားလှယ်အဖွဲ့သည် ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Credit #Ministry_of_Foreign_Affairs