နေပြည်တော် စက်တင်ဘာ ၂၄

 

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည့် ရေဘေးသင့်ဒေသများသို့ စင်ကာပူနိုင်ငံရှိ Singapore Sinhala Buddhist AssociationMahakaruna Buddhist Society နှင့် Willing Hearts လူမှုကူညီရေး အသင်းတို့က လူသားချင်းစာနာထောက်ထားမှု အကူအညီများအဖြစ် အဟာရဖြည့်ဆန်အိတ်များ၊ လူကြီး/ကလေး အဝတ်အထည်များနှင့် ဂျာကင်၊ ဦးထုတ်နှင့် ဖိနပ်များ၊ အစားအစာများနှင့် ရေချိုးဆပ်ပြာ၊ ဆပ်ပြာတောင့်စသည့် လူသုံးကုန်ပစ္စည်းများ ခန့်မှန်း ၁၀ တန်ပမာဏကို မြန်မာသံရုံး၊ စင်ကာပူမြို့မှတစ်ဆင့် လှူဒါန်းခဲ့သည်။

 

အဆိုပါလှူဒါန်း ပစ္စည်းများကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်မှ ၂၇ ရက်အတွင်း စင်ကာပူမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းပြေးဆွဲလျက်ရှိသော Myanmar National Airways (MNA) နှင့် Myanmar Airways International (MAI) လေကြောင်း လိုင်းများမှ ရေဘေးသင့် မြန်မာပြည်သူများအကျိုးအတွက် အခမဲ့ သယ်ယူပို့ဆောင်ပေးမှုပြုခဲ့ပြီး၊ စက်တင်ဘာ ၂၃၂၄ ရက်များတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပစ္စည်းပမာဏ ၂ တန်ကျော် စတင်တင်ပို့ရောက်ရှိခဲ့သည်။

 

စင်ကာပူ ပြည်သူများမှ သက်ဆိုင်ရာ ပရဟိတအဖွဲ့အစည်းများမှတဆင့် ပေးပို့လှူဒါန်းသည့် ပစ္စည်း များကို မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံတဝှမ်းရှိ ရေဘေးသင့်ဒေသများရှိ ပြည်သူများထံသို့ ဆက်လက်ဖြန့်ဝေပေးပို့ သွားမည်ဖြစ်သည်။

 

မြန်မာသံရုံး၊ စင်ကာပူအနေဖြင့် စင်ကာပူနိုင်ငံရှိ Singapore Sinhala Buddhist Association Mahakaruna Buddhist Society နှင့် Willing Hearts အသင်းတို့နှင့် လက်တွဲ၍ မြန်မာနိုင်ငံ ရေဘေးသင့်ဒေသပြည်သူများသို့ လှူဒါန်းမှုများ အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်ရေးအတွက် ပံ့ပိုးကူညီပေးလျက်ရှိပြီး၊ မြန်မာနှင့် စင်ကာပူနှစ်နိုင်ငံဆက်ဆံရေးတွင် အခြေခံအကျဆုံးသော အစိတ်အပိုင်းဖြစ်သည့် နှစ်ဖက်ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် အားပေးကူညီမှု များတိုးပွားစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)