၁ သြဂုတ်

 

BONANZA ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူးပြီး တက်သစ်စလူငယ်ဒါရိုက်တာ ဉာဏ်ထင် ရိုက်ကူးပုံဖော်ထားသော မျက်နှာပြင်များ(Dimensions)ဟု အမည်ပေးထားသည့် ရုပ်ရှင်ဇာတ်ကားကြီးကို စင်ကာပူနိုင်ငံတွင် ဩဂုတ် ၉ ရက်မှ ၁၂ ရက်အထိ စတင်ပြသသွားမည်ဟုသိရသည်။ အဆိုပါ ဇာတ်ကားတွင် သရုပ်ဆောင် ခါရာ၊ မင်းမြတ်စိုးစံ၊ အဲလစ်အုန်း၊ ဂျာဆိုင်းအိန်နှင့် အနုပညာရှင်များစွာ ပါဝင်ထားကြသည်။

 

နိုရာ(BONANZA ထုတ်လုပ်ရေး)
ဒီကားလေးက ဖေဖော်ဝါရီလမှာ ရုံတင်ပြသခဲ့ပါတယ်၊ အခုလည်း လာမယ့် ဩဂုတ် ၉ ရက်မှ ၁၂ ရက်အထိ စင်ကာပူနိုင်ငံမှာ ရုံတင်ပြသသွားမှာပါ၊ ဒီဇာတ်ကားကြီးကို ညီမတို့ နှစ်နှစ်ကျော်ကြာ အချိန်ယူရိုက်ကူးခဲ့ကြရပါတယ်၊ ရိုက်ကူးပြီးတဲ့အခါ သုံးလလောက်အချိန်ယူပြီး အဆင့်ဆင့် လိုအပ်တဲ့နည်းပညာပိုင်းတွေကို သေချာလုပ်ဆောင်ခဲ့ပါတယ်။ စပြီး ဒီကားကိုရိုက်ဖို့ဖိအားတွေ များပါတယ်၊ မြန်မာပြည်ရဲ့ ရုပ်ရှင်ပြသမှုဈေးကွက်က ကျဉ်းတယ်လို့ ပြောလို့ရပါတယ်၊ ရုံအရေအတွက် နည်းနည်းပဲရတဲ့ အက်ရှင်ကားတစ်ကား ရိုက်မယ်ဆိုလည်း အချိန်အများကြီးပေးရတယ်၊ ငွေကုန်ကြေးကျကလည်းများပါတယ်၊ ဒါပေမယ့် ကိုယ့်နိုင်ငံမှာ လူငယ်တွေစုစည်းပြီး ဒါမျိုးဇာတ်ကားကောင်းတွေ ဖန်တီးနိုင်တယ်ဆိုတာ ချပြချင်တာကြောင့် ရိုက်ခဲ့တာပါ၊ ငွေရေးကြေးရေး အမြတ်အစွန်းဆိုတာထက် ကိုယ့်နိုင်ငံကလူငယ်တွေ ဒါမျိုးလုပ်နိုင်ပါလားဆိုတာကို ချပြချင်တာပါ။

 

ဒါရိုက်တာ ဉာဏ်ထင်
‘ဒီဇာတ်ကားကြီးက ကျွန်တော့်အတွက် ပထမဆုံးဇာတ်ကားကြီးဖြစ်တော့ အစက မိတ်ဆွေတွေ အားလုံးက ဝိုင်းတားကြတယ်၊ ကိုယ့်အတွက်ပထမဆုံး စိန်ခေါ်မှုဖြစ်တာမလို့ ဒရာမနဲ့ပဲစသင့်တယ်၊ အက်ရှင်မရိုက်သင့်ဘူးဆိုပြီး ပြောလာကြတယ်၊ ဒါပေမယ့် ကျွန်တော့်အနေနဲ့ သိပ်ရိုက်ချင်တဲ့ စိတ်ဆန္ဒတစ်ခုရှိတာမို့ ကျွန်တော်ရိုက်ချင်တဲ့ပုံစံမျိုး ရိုက်နိုင်မယ့် ရုပ်ရှင်ထုတ်လုပ်ရေးတွေကို လိုက်စုတယ်၊ အဲလိုရှာနေတဲ့အချိန်မှာ အလွန်တော်တဲ့လူငယ်တွေနဲ့ စုစည်းထားတဲ့ ထုတ်လုပ်ရေးတစ်ခုကို ချိတ်မိခဲ့ပါတယ်၊ ရုပ်ရှင်ကြည့် ပရိသတ်တွေအတွက်လည်း အားပေးရကျိုးနပ်တယ်ဆိုပြီး ချီးကျူးမှုတွေရရှိခဲ့လို့ ဝမ်းသာပါတယ်။

 

ခါရာ
‘ကျွန်တော်က ဒီကားထဲမှာ စရိုက်နှစ်မျိုးကို သရုပ်ဆောင်ရတာပါ၊ အမှန်တကယ် အတိတ်မေ့နေသူလား၊ လူသတ်သမားလားဆိုတာမျိုးဖြစ်နေတာပေါ့နော်၊ ပဟေဠိဆန်တဲ့ပုံစံမျိုးရိုက်ထားတာပါ၊ ‘အခု ဒီဇာတ်ကားကို စင်ကာပူရောက် မြန်မာပရိသတ်တွေကို ပြသရမယ်ဆိုတော့ အတိုင်းအဆမသိ ကျွန်တော်ဂုဏ်ယူဝမ်းမြောက်ရပါတယ်၊ ဒီလိုကားမျိုးတွေ စရိုက်ကတည်းက ကျွန်တော်တို့ လူငယ်တွေအားလုံး International ကို သွားဖို့ပဲ အဓိကထားခဲ့ပါတယ်၊ ဒါပေမယ့် လိုအပ်ချက်တွေ ကျွန်တော်တို့မှာ ရှိကောင်းရှိနိုင်မှာပါ၊ အများကြီးကြိုးစားဖို့လိုပါသေးတယ်၊

 

အဲလစ်အုန်း
ညီမတို့လို တက်သစ်စလူငယ်တွေအားလုံး ကြိုးစားထားတဲ့ အခုလိုဇာတ်ကားကို မြန်မာနိုင်ငံမှာပါမကဘူး၊ စင်ကာပူမှာပါ ပြသခွင့်ရမယ်ဆိုတော့ ဝမ်းသာရပါတယ်၊ ဘာကြောင့်လဲဆို ကိုယ့်နိုင်ငံမှာ ပရိသတ်က ဇာတ်ကား ကောင်းတယ်ဆို ဒါဘယ်နိုင်ငံကလဲ၊ ဘာကားလဲ လို့မေးကြတယ်လေ၊ အဲလိုပဲ ကိုယ်တွေလည်း သူများကမေးတာ ခံလာရတယ်၊ နောက်ကောင်းတယ်ဆိုတာတွေ ကြားခဲ့ရလို့ ဝမ်းသာပါတယ်၊ ကိုယ့်ရဲ့ အနုပညာကိုလည်း ချပြခွင့်ရလို့ပါ၊ နောက်တစ်ခုက ဒီကားကို ရိုက်တဲ့အခါ လေးစားဖို့ကောင်းတာတစ်ခု တွေ့ရတယ်၊ အကုန်လုံးက အသစ်ဆိုပေမယ့် တကယ့်ကို အဆင့်အတန်းရှိရှိနဲ့ စည်းလုံးတာတွေ့ရတယ်၊ စိတ်ဓာတ်ပိုင်းကအစပေါ့၊ ဘယ်လောက်ပဲ ဂျူတီကျော်ကျော် ငွေကြေးကအစ အကောင်းဆုံးလုပ်နိုင်ကြတယ်။

 

မြတ်မင်းစံ
ကျွန်တော်က ဒီကားထဲမှာ ဝေလဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပါတယ်၊ ခါရာနဲ့အပြိုင် သရုပ်ဆောင်ရတာပါ၊ စပြီးကျွန်တော့်ကိုရိုက်ဖို့ ကမ်းလှမ်းကတည်းက တော်တော်လေးကိုကြောက်ရတယ်၊ ဘာလို့လဲဆို ကျွန်တော် နဂိုရှိနေတဲ့ပုံစံကနေ တခြားတစ်ယောက်ပုံစံမျိုး ကွဲထွက်နေတဲ့ကာရိုက်တာကို လုပ်ရတာကို၊ ကျွန်တော့်အတွက်ကလည်း ရုပ်ရှင်ဆို ဒီကားက ပထမဆုံးဇာတ်ကားတစ်ကားဖြစ်တာမို့ ရိုက်ဖြစ်ခဲ့တာပါ၊ ဇာတ်ညွှန်းကို သေချာဖတ်ကြည့်လိုက်ချိန်မှာ ကိုယ့်ရဲ့နေရာက ဗီလိန်ပုံစံလုပ်ရမှာဆိုတော့ ကျွန်တော်တွေဝေခဲ့တယ်၊ ရှေ့မှာ ကျွန်တော်ရိုက်ထားတာတွေရှိတယ်၊ ခေါင်းဆောင်အနေနဲ့လေ၊ အခုလိုမဟုတ်ဘူး၊ ဒါပေမယ့် ရိုက်မယ်ကွာဆိုတဲ့စိတ်နဲ့ ပါဝင်ဖြစ်ခဲ့ပါတယ်၊ တကယ့်ကိုလေးစားပါတယ်၊ အလုပ်ကို အလုပ်နဲ့တူအောင်လုပ်တဲ့ ထုတ်လုပ်ရေးတစ်ခုဖြစ်နေတာ တွေ့ရတဲ့အတွက် ပါဝင်ရကျိုးနပ်ခဲ့ပါတယ်။

 

Bonanza ထုတ်လုပ်ရေးသည် မြို့ပြ မုဆိုးများဟု အမည်ပေးထားသော ရုပ်ရှင်ဇာတ်ကားကိုလည်း ၂၀၁၉ ခုနှစ်တွင် ရုံတင်ပြသရန်ရှိကြောင်း၊ ယင်းဇာတ်ကားသည်လည်း အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ကြောင်း၊ ဇာတ်လမ်းအနေဖြင့် လူဆိုးဂိုဏ်းခေါင်းဆောင်များကြားပဋိပက္ခဖြစ်ရပ်များကို ဖော်ကျူးရိုက်ကူးထားခြင်း ဖြစ်ကြောင်း သိရသည်။

 

ကိုလင်း