၄ မတ်
ဗင်နီဇွဲလားနိုင်ငံက စင်ပြိုင်သမ္မတ ဂွိုက်ဒိုဟာ သီတင်းတစ်ပတ်အကြာ လက်တင်အမေရိကားနိုင်ငံတွေက နိုင်ငံ့ခေါင်းဆောင်တွေနဲ့ သွားရောက်တွေ့ဆုံ အပြန်မှာ သူ့ကိုထောက်ခံသူတွေက ဆန္ဒပြဖို့အတွက် လမ်းမပေါ်လာဖို့ ဒီကနေ့ စီစဉ်လိုက်ကြောင်း သိရပါတယ်။

ဂွိုက်ဒို ပြန်လည်ရောက်ရှိလာတာဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ သမ္မတ မာဒူရိုအတွက် စိန်ခေါ်မှုဖြစ်လာပါတယ်။ ဂွိုက်ဒိုကို ခရီးသွားလာခွင့်ပိတ်ပင်ထားရာကို ခရီးသွားတဲ့အတွက် ဖမ်းမလားဆိုတာဘဲဖြစ်တယ်။ အဲဒီလို ဖမ်းဆီလိုက်မှုလုပ်ရင် နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုတွေကို ခံရနိုင်သလို ဂွိုက်ဒိုကို နိုင်ငံတွင်း ဝင်ခွင့်ပြုရင်လည်း သမ္မတ မာဒူရိုရဲ့ လုပ်ပိုင်ခွင့် အာဏာဟာ မေးခွန်းထုတ်စရာမျိုးဖြစ်လာမယ်လို့ နိုင်ငံရေးသုတေသီတွေက ပြောပါတယ်။
ဂွိုက်ဒိုက သူ့ရဲ့ တွစ်တာစာမျက်နှာပေါ်မှာ “နိုင်ငံကို ပြန်လာပါတော့မယ်။ ဗင်နီဇွဲလားပြည်သူတွေ နိုင်ငံတဝန်းမှာ မနက်ဖြန် မနက် ၁၁ နာရီမှာ ဆန္ဒပြကြပါ”လို့ ရေးသားထားပါတယ်။ ဒါ့အပြင် ဂွိုက်ဒို နဲ့ သူ့ဇနီးတို့ဟာ ဗီဒီယိုကနေ တဆင့် သူ့ကို ပြန်ပေးဆွဲဖို့လုပ်မယ့်သူတွေ ဟာလည်း အမှားတစ်ခုကို ကျူးလွန်တာသာဖြစ်မယ်လို့ ပြောကြားပါတယ်။ ဂွိုက်ဒိုက ဘယ်လိုပုံစံနဲ့ ဘယ်အချိန်ပြန်လာမယ်ဆိုတာတော့ မပြောပါဘူး။ ဒါပေမယ့် ကိုလံဘီယာနိုင်ငံ ဘိုဂိုတာ ကနေ ဗင်နီဇွဲလားနိုင်ငံ ကာရာကတ်မြို့ကို ပျံသန်းမယ့် လေယာဉ်နဲ့ ပြန်လာနိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိနေပါတယ်။

ဒါပေမယ့် နိုင်ငံပြင်ပသို့ အထွက်မှာ ဗင်နီဇွဲလားနဲ့ ကိုလံဘီယာ နယ်စပ်ကနေ ထွက်ခွာသွားတာဖြစ်တယ်။ အဲဒီလို သွားဖို့အတွက် သမ္မတ မာဒူရိုရဲ့ စစ်တပ်က ကူညီခဲ့တယ်လို့ ပြောနေဆိုနေပါတယ်။

စင်ပြိုင်သမ္မတ ဂွိုက်ဒိုကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဘရာဇီး၊ ကိုလံဘီယာ စတဲ့ နိုင်ငံပေါင်း ၅၀ ကျော်က ထောက်ခံထားပါတယ်။ ဂွိုက်ဒို ဟာ နိုင်ငံပြင်ပမှာရှိနေစဉ် ဘရာဇီး သမ္မတ၊ အမေရိကန် ဒုသမ္မတ အပါအဝင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကြောင်းသိရပါတယ်။
MDN
ကိုးကား - AFP