ရန်ကုန် နိုဝင်ဘာ ၂၄
Global Good Pure Group ကုမ္ပဏီလီမိတက်၏ စံချိန်ဆီစက်ရုံ (Refinery Plant) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် အမှတ် (၆၂)၊ ကမ်းနားလမ်းနှင့် ဉီးချိန်လမ်းထောင့် စက်မှုဇုန် (၂) ၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးထွန်းအုံ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဉီးဆန်းလင်းနှင့် တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များနှင့် Global Good Pure Group ကုမ္ပဏီလီမိတက် “စံချိန်” ဆီစက်ရုံ၏ Managing Director ဦးမောင်မောင်ဇော်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဉီးမင်းနောင်၊ ဒေါက်တာချာလီသန်း၊ ဉီးထွန်းအုံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ Global Good Pure Group ကုမ္ပဏီလီမိတက် “စံချိန်” ဆီစက်ရုံ၏ မန်နေဂျင်းဒါရိုက်တာတို့က စံချိန်ဆီစက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာ၀န်ရှိသူများက စံချိန်ဆီစက်ရုံ ကမ္ဗည်းမော်ကွန်း ကျောက်စာအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံသာရည်များ ပက်ဖျန်းပေးကြကာ စံချိန်ဆီစက်ရုံအတွင်း ထုတ်လုပ်ထားသည့် ဆီများပြသထားမှု၊ ဆီထုတ်လုပ်ပြီး ကုန်ကြမ်းများဆောင်ရွက်ထားမှု အခြေအအနေများနှင့် ဆီထုတ် လုပ်နေမှုအဆင့်ဆင့်တို့ကို လှည်လည်ကြည်ရူ့ကြရာ စက်ရုံတာဝန်ရှိသူများကလိုက်လံ ရှင်းလင်းပြသကြသည်။
ယင်းနောက်အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုစကားပြောကြားပြီး Global Good Pure Group ကုမ္ပဏီလီမိတက် စံချိန်ဆီစက်ရုံ၏ မန်နေဂျင်းဒါရိုက်တာက ကျေးဇူးတင်စကား ပြောကြားသည်။
ယနေဖွင့်လှစ်သည့် Global Good Pure Group ကုမ္ပဏီလီမိတက်၏ စံချိန်ဆီစက်ရုံ (Refinery Plant) သည် မြန်မာနိုင်ငံတွင် မြေပဲနှင့် နေကြာဆီထွက်သီးနှံကို စတင်တြိတ်ခွဲ ထုတ်လုပ်သော စက်ရုံကြီးတစ်ခုဖြစ်ပြီး အဆိုပါစက်ရုံမှ တစ်ရက်ကြိတ်ခွဲနိုင်စွမ်းအားမှာ ဆီတန်ချိန် ၅၀ ဖြစ်ပြီး တစ်လလျှင်ဆီတန်ချိန် ၁၅၀၀ ထုတ်လုပ်နိုင်ကြောင်း၊ ပြည်ပဆီတင်သွင်းမှုကိုလျော့စေပြီး ပြည်တွင်းစားသုံးသူ ဖူလုံစေရေးတို့တွင် အထောက်အကူ ပြုစေနိုင်ကြောင်းသိရသည်။
သတင်းစဉ်


