နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝသယံဇာတများသည်လည်း အရေးပါသော အရင်းအမြစ်များ ဖြစ်ကြသည်။ သဘာဝသယံဇာတများဟု ဆိုရာတွင် မြေနှင့်ရေတို့သည် စိုက်ပျိုး မွေးမြူ ကုန်ထုတ်လုပ်ရေးအတွက် အရေးပါပြီး သစ်တော၊ သတ္တု စသည့် သဘာဝသယံဇာတများမှာမူ ထုတ်ယူသုံးစွဲရေးအတွက်ဖြစ်သည်။ မိမိတို့နိုင်ငံသည် သစ်တော၊ သတ္တုသယံဇာတများ ကြွယ်ဝသည့် တိုင်းပြည်ဖြစ်သော်လည်း ရေရှည်ထုတ်ယူသုံးစွဲနိုင်ရန်အတွက် မျှော်မှန်း၍ ထိန်းသိမ်းဆောင် ရွက်သွားရန် လိုအပ်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားမိန့်ခွန်း ပြောကြားရာတွင် သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲမှုနှင့် စပ်လျဉ်း၍ “နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာမှာ သဘာဝသယံဇာတတွေကို ထုတ်ယူသုံးစွဲသင့်တာ မှန်ပေမယ့်လည်း စည်းစနစ်တကျ ထုတ်ယူသုံးစွဲဖို့လိုပါတယ်။ တိုင်းပြည်နဲ့ နောင်မျိုးဆက်များရဲ့ အနာဂတ်ကို ထည့်သွင်း တွက်ချက်ဆောင်ရွက်ရပါမယ်။ ယခင်ကရရှိခဲ့တဲ့ ထိခိုက်မှုများအတွက်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားရပါမယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သယံဇာတများကို ထုတ်ယူအသုံးပြုရာမှာ ကုန်ကြမ်းအဖြစ် ရောင်းချခြင်းထက် ကုန်ချောအဖြစ် တိုးတက်ထုတ်လုပ်ဆောင်ရွက်ခြင်းဟာ ဝင်ငွေပိုမိုရရှိခြင်း၊ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း တိုးတက်ဖန်တီးပေးနိုင်ခြင်းနဲ့ ပြည်တွင်း၌ နည်းပညာနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်”ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ဒေသအများအပြားတို့တွင် ရွှေ၊ ကျောက်စိမ်း၊ ကျောက်မျက်နှင့် ဓာတ်သတ္တုတူးဖော်မှုများ တရားဝင်ရော၊ တရားမဝင်ပါ တူးဖော်မှုများ ပြုလုပ်လျက်ရှိကြရာ ယင်းနှင့် ဆက်စပ်၍ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ၊ ဒေသခံပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကိုလည်း သတင်းများတွေ့ရှိရသည်။ ဒေသ၏ ရေ၊ မြေအရင်းအမြစ်များ ပျက်စီးဆုံးရှုံးခြင်း၊ မြစ်ချောင်းများ တိမ်ကောပြီး ရေကြောင်း သွားလာမှု၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ ရယူနိုင်မှုများ ဆုံးရှုံးခြင်း၊ စိုက်ပျိုးမြေများပေါ်သို့ စွန့်ပစ်မြေစာများ၊ ရေဆိုးများ ဖုံးလွှမ်းခံရခြင်း၊ ပြဒါး၊ အာဆင်းနစ် စသည့် အဆိပ်သင့်စေသည့် ဓာတ်ပစ္စည်းများကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်းစသည်တို့အပါအဝင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်များကို ထိခိုက်ပျက်စီးစေသည့် နည်းလမ်းများဖြင့် သဘာဝသယံဇာတများကို ထုတ်ယူနေကြပြီး အခြားတစ်ဖက်တွင်မူ ထိခိုက်မှုများအတွက် ပြန်လည်ကုစားမှု၊ သဘာဝပတ်ဝန်းကျင်များကို ပြန်လည်ထူထောင်မှုများ ပြုလုပ်ရန်မူ ပျက်ကွက်လျက်ရှိကြကြောင်း ကိုလည်း သိရသည်။
နိုင်ငံ၏ မြေပေါ်မြေအောက်သယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် နိုင်ငံ၏ အကျိုးစီးပွား၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေးရှုကြရန် လိုအပ်သကဲ့သို့ နောင်လာနောက်သား မျိုးဆက်သစ်များ အတွက်လည်း ထည့်သွင်းတွက်ချက်ကြရန် လိုအပ်သည်။ မိမိအကျိုးစီးပွား တစ်ခုတည်းကိုသာ ဦးတည်ကာ ဘယ်သူသေသေ ငတေမာလျှင်ပြီးရော ဟူသော စိတ်ဓာတ်ဖြင့် နိုင်ငံ၏ သယံဇာတများကို ထုတ်ယူသုံးစွဲပီး အဆိပ်သင့် ကြေမွပျက်စီးသွားသည့် ရေ၊ မြေတို့ကို လက်လွတ်စပယ်ထားခဲ့ခြင်းဖြင့် အနာဂတ်မျိုးဆက်တို့၏ ပြစ်တင်ရှုတ်ချမှုကို ခံကြရမည် ဖြစ်သည်။ နိုင်ငံ၏ သယံဇာတများကို အများအကျိုး၊ နိုင်ငံအကျိုးအတွက် အဓိကထား၍ စည်းစနစ်တကျထုတ်ယူသုံးစွဲခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို မပျက်မကွက် ပြန်လည်ထူထောင်ခြင်းဖြင့် တာဝန် ကျေပွန်ကြစေရေး နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။
မြန်မာ့အလင်း