စည်းကမ်းချက်များနှင့်မညီသော အသားထုတ်လုပ်ရောင်းချမှုများကို တည်ဆဲဥပေဒများနှင့်အညီ အရေးယူမည် 

နေပြည်တော် ၂၀ နိုဝင်ဘာ 

 

လုပ်ပိုင်ခွင့်လုပ်ငန်းနှင့် သက်ဆိုင်ခြင်းမရှိသော သားသတ်ခြင်း၊ အသားထုတ်လုပ်ခြင်းနှင့် ကုန်သွယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စည်းကမ်းချက်များနှင့် မကိုက်ညီသော သားသတ်လိုင်စင်များ ရရှိသူများ၊ စည်းကမ်းချက်များနှင့် မညီသော သားသတ်လုပ်ငန်းများနှင့် အသားရောင်းချမှုများကို စစ်ဆေးဖော်ထုတ်ပြီး တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့တွင် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင့်ထွန်းက ပြောကြားခဲ့သည်။

 

ယနေ့ကျင်းပသည့် အစည်းအဝေးတွင် ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၏ စည်းကမ်းချက်များနှင့် မညီသော သားသတ်လိုင်စင် ရရှိသူများအပေါ် အရေးယူရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပြီး နေပြည်တော်ကောင်စီဝင် ဦးအောင်မြင့်ထွန်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

နေပြည်တော်ကောင်စီဝင် ဦးအောင်မြင့်ထွန်းက ပြန်လည်ဖြေကြားရာတွင် "ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းမှာ မြို့နယ် (၈)မြို့နယ်ရှိပြီး ဝက်၊ အမဲ၊ ဆိတ် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းတွေကို နေပြည်တော် စည်ပင်သာယာရေးကော်မတီ တိရိစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများ ဌာနက ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သားသတ်လိုင်စင်များ ခွင့်ပြုချထားပေးရာမှာ ပထမ လေလံစနစ်၊ နောက်ကျတော့ ဈေးကုန်စနစ်၊ အခုနောက်ပိုင်းမှာ လေလံဈေးကုန်စနစ်နဲ့ ဆောင်ရွက်လျက်ရှိတယ်လို့ ပြောပါတယ်။

 

နေပြည်တော်ကောင်စီ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာ အများပြည်သူစားသုံးရန် အလိုငှာ တိရိစ္ဆာန်များ သတ်ဖြတ်ခြင်းကို ကော်မတီက ခွင့်ပြုချက်ရရှိထားသော သားသတ်လုပ်ငန်းလိုင်စင် (c) မှ လွဲပြီးတော့ မည်သူတစ်ဦးတစ်ယောက်ကမျှ တိရိစ္ဆာန်များကို စားသုံးရန်အလိုငှာ သတ်ဖြတ်ခြင်းကို မပြုလုပ်ရဟု ပြဋ္ဌာန်းတားမြစ်ထားပါတယ်။

 

နွားပွဲဈေးများရဲ့ အရောင်းအဝယ်ဖြစ်စာရင်းကို မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်မှုရုံးများမှတစ်ဆင့် ကြီးကြပ်၍ ဈေးနေ့အလိုက် စာရင်းဇယားများ၊ သုံးသပ်ခြင်းများ၊ ကော်မတီသို့ လစဉ်စာရင်းများ ပြုစုတင်ပြစေခြင်းဖြင့် နွားပွဲဈေးများမှ ကျွဲ၊ နွား ရောင်းဝယ်မှု၊ အသားထုတ်လုပ်ခြင်းနှင့် အသားရောင်းချမှုအပေါ် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ပြီး စီမံခန့်ခွဲ ကြီးကြပ်အုပ်ချုပ်လျက်ရှိပြီး စည်းကမ်းချက်များအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း" ပြန်လည်ဖြေကြားခဲ့သည်။ 

 

မျိုးထက်ဦး(MDN)