၃၁  ဩဂုတ်

မြန်မာနိုင်ငံ၌ ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အများအပြားတွေ့ရှိလာသည်။ သြဂုတ်လ ၂၅ ရက်နေ့ ညပိုင်းနှင့် နောက်တစ်ရက်တွင် ဓာတ်ခွဲအတည်ပြုလူနာ ၁၀၀ ကျော် စံချိန်တင်တွေ့ရှိခဲ့ပြီးနောက် သြဂုတ်လ ၂၉ ရက်နေ့တွင် ရောဂါပိုးရှိသူ ၉၀ ထပ်မံစံချိန်တင်တွေ့ရှိပြန်သည်။

ရောဂါပိုးတွေ့ရှိသူများမှာ များသောအားဖြင့် ရခိုင်ပြည်နယ်မှဖြစ်ပြီး ရန်ကုန်မြို့ရှိ အချို့မြို့နယ်များမှ တစ်ဦးစ၊ နှစ်ဦးစ ရောဂါပိုးတွေ့သူများပါလာသည်။

အစောပိုင်းကာလများက မြန်မာနိုင်ငံတွင် ရန်ကုန်မြို့သည် ကိုဗစ်၁၉ ရောဂါပိုးအများဆုံးတွေ့ရှိသည့် ဒေသဖြစ်ခဲ့ပြီးနောက် သြဂုတ်လ ၃၀ ရက်နေ့တွင် ရခိုင်ပြည်နယ်သည် ရောဂါပိုးအများဆုံးတွေ့ရှိရာဒေသအဖြစ် စံချိန်တင်ခဲ့သည်။ ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါပိုး စံချိန်တင်တွေ့ရှိလာခြင်းသည် ရောဂါပိုး၏ မျိုးဗီဇပြောင်းလဲလာခြင်းကြောင့်ဟု ဆိုလိုခြင်းထက် ရောဂါလက္ခဏာမပြသည့် ရောဂါပိုးရှိနေသူများနှင့် ပြည်သူများ ယခုလအစောပိုင်းကတည်းက ကူးလူးဆက်နွယ်ထိတွေ့မိသဖြင့် ရောဂါကူးစက်မှုနှုန်း မြင့်မားလာခြင်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သြဂုတ်လ ၂၄ ရက်နေ့တွင် ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံတင်ပြခဲ့ရာ၌ “ကိုဗစ်ရောဂါ စစ်တွေဘက်မှာ ဒီလောက်မြန်မြန်ဆန်ဆန်ပြန့်ပွားတာ ဘာကြောင့်လဲလို့ ကျန်းမာရေး ဘက်ကနေ စဉ်းစားတဲ့အခါမှာ မျိုးရိုးဗီဇပြောင်းသွားမှုများ ရှိသလားဆိုတာလည်း ကျွန်မတို့ ထည့်တွက်ရပါတယ်။ အဖြေကတော့ မထင်ရှားသေးပါဘူး။ ကျွန်မတို့ သေသေချာချာ မသိရသေးပါဘူး။ ဒီအဖြေကိုလည်း ကျွန်မတို့ ရှာနေပါတယ်။ အကယ်၍ ဒီလိုပြောင်းလဲမှုရှိတယ်ဆိုရင်လည်း ထွေထွေထူးထူးတော့ စိတ်မပူကြပါနဲ့။ ကျွန်မတို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုသာ လိုက်နာကြပါ။ သတိထားကြပါ”ဟု မှာကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးနှင့်ပတ်သက်၍ သြဂုတ်လ ၂၉ ရက်နေ့အထိ ဓာတ်ခွဲစစ်ဆေးသူ တစ်သိန်းခွဲကျော် ရှိသည့်အနက် ပိုးတွေ့ လူနာ ၇၀၀ ကျော်နှင့် ရောဂါပိုးကင်းစင်လာသူ ၃၅၀ ကျော်ရှိသည်။ ယင်းတို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ခြောက်ဦး ရှိသည်။ သေဆုံးသူ ခြောက်ဦးရှိသည်မှာ မြန်မာနိုင်ငံတွင် ရောဂါစတင်ဖြစ်ပွားစက အသက်အရွယ်ကြီးသူ၊ အခြားရောဂါအခံရှိသူများဖြစ်၍ သေဆုံးခဲ့ရခြင်းဖြစ်ပြီး နောက်ထပ် ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ထပ်မံသေဆုံးသူမရှိပေ။ ယင်းသို့ ထပ်မတိုးလာသော သေဆုံးသူအရေအတွက်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံသားများ၏ ကိုယ်ခံအား အခြေအနေနှင့် ရောဂါပိုးပြင်းထန်မှုမရှိသော အခြေအနေအား တွေ့ရမည်ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါတိုးပွားနေသော်လည်း စိုးရိမ်ဖွယ်ရာကြီးကြီးမားမားမရှိဟု ဆိုနိုင်သည်။ သို့သော် ကိုဗစ်-၁၉ ရောဂါတိုးပွားလာသည်နှင့်အမျှ အလုပ်အကိုင်၊ လူမှုစီးပွားများ ထိခိုက်မှု ပိုမိုများလာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါတိုးတက်ဖြစ်ပွားနေမှုကို နိုင်ငံတော်အစိုးရ၏ အလေးထား ဦးဆောင်စီမံခန့်ခွဲမှု၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာရှင် ကူညီစောင့်ရှောက်ပေးသူများနှင့် စေတနာရှင်ပြည်သူများ၏ အားကြိုးမာန်တက် ဝိုင်းဝန်းလက်တွဲကူညီ ဆောင်ရွက်ပေးနေမှုများကြောင့် ရောဂါဖြစ်ပွားမှုကို နိုင်နိုင်နှင်းနှင်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

သို့သော် လူဦးရေအများဆုံးရှိသည့် ရန်ကုန်မြို့ကြီးသည် မြန်မာ နိုင်ငံရှိပြည်သူများ အားလုံးဝင်၊ ထွက် သွားလာရာမြို့ကြီးဖြစ်၍ ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ ဝင်ထွက်သွားလာခဲ့ကြသော ပြည်သူများသည် မိမိတို့ ဆန္ဒ၊ မိမိတို့အသိတရားဖြင့် ကျန်းမာရေးစစ်ဆေးမှုကို ခံယူကြဖို့လိုအပ်ပေ သည်။ မိမိတို့ တစ်ဦးတစ်ယောက်ကြောင့် ပြည်သူအများ ရောဂါဘေးအန္တရာယ်မကျရောက်အောင်၊ အလုပ်အကိုင်စီးပွား မထိခိုက်အောင် အသိတရားထားရှိပေးဖို့လိုပေမည်။ ယခုအခါ နိုင်ငံတော်က ရခိုင်ပြည်နယ်နှင့် ရန်ကုန်မြို့သို့ သွားလာခဲ့ကြသော ခရီးသွားများစာရင်းကို အသိပေးထားရာ အသိတရားဖြင့် ကျန်းမာရေး စစ်ဆေးမှုကိုခံယူကြပါက ပြည်သူအားလုံး ဘေးဘယာဝေးကွာစေမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်း မြင့်မားလာသည်ဆိုသော်လည်း ပြည်သူသာလျှင် အဓိကဆိုသည့်အတိုင်း ရောဂါသံသယရှိသူများ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်ပြည်သူများအားလုံး သတ်မှတ်ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အလေးထား လေးစားလိုက်နာခြင်းဖြင့် ကိုဗစ်-၁၉ စိန်ခေါ်မှုကို ကျော်လွှားသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။