နေပြည်တော် ၁၂ ဇွန်

ဖျာပုံတွင် ယမန်နေ့နံနက်စောစောအချိန် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုက ထိတ်လန့်ဖွယ်ရာဖြစ်သည်။ ရင်နင့်ဖွယ်ရာဖြစ်သည်။ ထို့ပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်မှုများကို ထိထိရောက်ရောက်၊ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ရန်၊ အရေးယူရန် လိုအပ်နေသည်ကို ညွှန်ပြနေသည်ဟုလည်း ရှုမြင်မိသည်။ ယာဉ်မောင်း တစ်ယောက်၏ စည်းကမ်းမဲ့မှု၊ ဆင်ခြင်တုံတရားမဲ့မှု၊ တာဝန်မဲ့မှု စသည့် အရင်းခံ အကြောင်းများကြောင့်လည်း ယခုကဲ့သို့ ဖြစ်ရပ်ဆိုး ပေါ်ပေါက်လာရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ယမန်နှစ် နှစ်ကုန်ပိုင်းအထိ မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်စီးရေ ၇ ဒသမ ၂ သန်း ရှိနေသည်။ လမ်းများပေါ်တွင် မောင်းနှင်သွားလာနေကြသည့် ယာဉ်မောင်းသူ ၅၅ ဒသမ ၄၃ ရာခိုင်နှုန်း တို့မှာ ယာဉ်မောင်းလိုင်စင် မရှိကြဟုလည်း ဆိုသည်။ ယာဉ်မောင်းလိုင်စင် မရှိဘဲ မောင်းနှင်နေကြသူများမှာ ယာဉ်မောင်းသူ လူဦးရေ၏ ထက်ဝက်ကျော်ကျော် ဖြစ်နေသည့်အလျောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို သိရှိနားလည်မှုမရှိဘဲ မောင်းနှင်နေသူများက အများစု ဖြစ်နေသည်ဟု ယူဆရမည်ဖြစ်သည်။ ဖျာပုံတွင် ဖြစ်ပေါ်ခဲ့သည့် အထက်ပါဖြစ်ရပ်တွင်လည်း မရပ်ရသည့်နေရာတွင် ရပ်ထားခြင်း၊ အကြောင်းတစ်စုံတစ်ရာကြောင့် မဖြစ်မနေ ရပ်ရပါလျှင်လည်း ယခုကဲ့သို့ အန္တရာယ်များ မဖြစ်ပွားရေးအတွက် လုံလောက်သည့် အချက်ပြမီးများ၊ ရောင်ပြန်များ စသည်တို့ကို ပြသရန် ပျက်ကွက်ခြင်း၊ မော်တော်ယာဉ်၏ အလျားထက်ပိုရှည်သော အရာဝတ္ထုများကို သယ်ဆောင်လာရာတွင်လည်း သတ်မှတ်ထားသည့် ချိတ်ဆွဲရမည့် အရာများကို မချိတ်ဆွဲခြင်း စသည့်ပျက်ကွက်မှုများ ရှိကြောင်း သတင်းများတွင် တွေ့ရသည်။ ယင်းကဲ့သို့ပင် မြန်မာနိုင်ငံအနှံ့အပြားရှိ အဝေးပြေးလမ်းများထက် ညမှောင်မှောင်တွင် လမ်းပေါ်တက်ကာ ရပ်နားထားသော ကုန်တင်ယာဉ်များ၊ လူစီးယာဉ်များကြောင့် ယာဉ်တိုက်မှုဖြစ်ကာ လူ့အသက်သေဆုံးမှုများကို မကြာခဏ တွေ့ မြင်ကြားသိ နေရသည်။

မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှုများအတွင်း လူသေဆုံးမှုနှုန်းမှာ ယမန်နှစ်က မော်တော်ယာဉ် ၁၀ဝ၀ဝ လျှင် လူသေဆုံးမှု ၇ ဒသမ ၁၈ နှုန်း ရှိသည်ဟုဆိုသည်။ ယာဉ်တိုက်မှု စုစုပေါင်း၏ ၉၈ ဒသမ ဝ၂ ရာခိုင်နှုန်းမှာ လူကြောင့်ဖြစ်ရသည်ဟုလည်း ဆိုထားသည့်အတွက် မော်တော်ယာဉ်မောင်းသူတိုင်း၊ မော်တော်ကားလမ်းကို အသုံးပြုသူတိုင်း သတိမူကြဖို့ပင်ဖြစ်သည်။ ယာဉ်တိုက်မှုတိုင်းတွင် ယာဉ်မောင်းသူများ မဆင်မခြင် မောင်းနှင်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာမှု အားနည်းခြင်းတို့ကိုသာ အဓိကတွေ့ရကြောင်း ရဲစစ်ဆေးချက်တို့ကလည်း ဆိုထားသည်။ မဆင်မခြင်မောင်းနှင်မှုများ လျော့ကျလာပါမှ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတို့ကို သိရှိမှု၊ လိုက်နာမှုတို့ မြင့်မားအားကောင်းလာပါမှ မြန်မာနိုင်ငံတွင် ယာဉ်တိုက်မှုကြောင့် လူသေဆုံးဒဏ်ရာရမှုတို့ နိုင်ငံတကာထက် မြင့်မားသည့်နှုန်းသို့ ရောက်ရှိနေသည့် အခြေအနေကို လျော့ကျစေနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယာဉ်တိုက်မှုများနှင့်ပျက်စီးဆုံးရှုံးမှုများ လျော့နည်း ကျဆင်းရေး၊ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေသည် အခြေခံနှစ်ဖြစ်သည့် ၂၀၁၃ ခုနှစ်အတွင်း သေဆုံးမှု၏ ထက်ဝက်သို့ လျှော့ချရေးဟူသော အဓိက ရည်မှန်းချက်များဖြင့် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီကို ၂၀၁၆ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးစီမံချက် (၂၀၁၄-၂၀၂၀) ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေခြင်း ဖြစ်သည့်အလျောက် သက်ဆိုင်ရာတို့အနေဖြင့် အလေးထား ကြိုးပမ်းဆောင်ရွက်ကြရေး၊ ယာဉ်အသုံးပြုသူ၊ လမ်းအသုံးပြုသူတိုင်း မိမိတို့၏ ကိုယ်ပိုင်အသိစိတ်ဓာတ်များဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်နိုင်ကြရေးအတွက် တိုက်တွန်း နှိုးဆော်အပ်ပါကြောင်း။

မြန်မာ့အလင်း