မြိတ် ၃၀ မေ
မြိတ်ခရိုင်အတွင်း စည်းကမ်းဖောက်ဖျက်သည့် ကမ်းဝေးငါးဖမ်း၊ ငါးသယ်ရေယာဉ်များအား VMS စနစ်ဖြင့် အရေးယူဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသိပေးရှင်းလင်းပွဲကို မေ ၃၀ ရက် နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ကန်ကြီးနယ်မြေ၊ သာကေတရပ်ကွက်၊ သဲကွင်း ၆ ရှိ မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ တိုင်းဒေသကြီး ငါးလုပ်ငန်းဉီးစီးဌာနမှ တိုင်းဉီးစီးမှူး ဉီးသံချောင်းက ငါးလုပ်ငန်း၏ လုပ်ငန်းစဉ်များ၊ ရည်ရွယ်ချက်များ၊ ငါလုပ်ငန်းအခန်းကဏ္ဍများ၊ ရေငန်ငါးထုတ်လုပ်နိုင်မှု၊ တင်ပို့နိုင်မှု အခြေအနေများ၊ တရားမဝင် ငါးဖမ်းဆီးထုန်လုပ်မှု လျော့ပါးစေရေးနည်းလမ်းများ၊ VMS စနစ် တပ်ဆင်ရခြင်း၏ ရည်ရွယ်ချက်များ၊ VMS တက်ဆင်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ VMS နှင့်ပတ်သက်၍ စည်းကမ်းဖောက်ပျက်မှုများအား အရေးယူဆောင်ရွက်နိုင်ရေးများ၊ စည်းကမ်းဖောက်ဖျက်သည့် ရေယာဉ်များအား အရေးယူဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး၊ ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဉီးလှသန်းက VMS တပ်ဆင်ရသည့်အတွက် ရေယာဉ်မှူးများ၊ ပဲ့နင်းများ ကြုံတွေ့ရသည့်အခက်အခဲများ၊ လှေပိုင်ရှင်များ ကြုံတွေ့ရသည့် အခက်အခဲများ၊ လှေရှင်များအနေဖြင့် မိမိလှေ စည်းကမ်းဖောက်လျှင် မိမိကိုယ်တိုင် တာဝန်ယူ ဆောင်ရွက်ဖြေရှင်းနိုင်ရေး၊ ကိုယ်ဖြစ်လျှင်ကိုယ်ခံစနစ်ဖြင့် ဆောင်ရွက်သွားနိုင်ရေး၊ လှေပိုင်ရှင်များအနေဖြင့် မိမိလှေပဲ့နင်းများ၊ လှေသားများအား ထိန်းသိမ်းမှာကြားနိုင်ရေးတို့အား ပြောကြားခဲ့သည်။
ထိုနောက် တက်ရောက်လာသူများက ကမ်းဝေးကမ်းနီး ရေလုပ်သားများ၊ လှေပိုင်ရှင်များ ကြုံတွေ့ရသည့် အခက်အခဲများ၊ VMS စနစ်အား ငါးဖမ်းရာသီ ရပ်နားထားသည့်ကာလတွင်လည်း ဖွင့်ထားရသည့်အတွက် ကြုံ့တွေ့လာရမည့် အခက်အခဲများ တင်ပြခဲ့ကြပြီး တိုင်းဒေသကြီး ငါးလုပ်ငန်းဉီးစီးဌာနမှ တိုင်းဉီးစီးမှူး ဉီးသံချောင်းက VMS စနစ်အား အားလုံးသဘောတူ ဆုံးဖြတ်ပြီး တပ်ဆင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် တက်ရောက်လာသူများ၏ တင်ပြခဲ့သည့် အခက်အခဲများအား ရုံးချုပ်သို့ ဆက်လက်တင်ပြ ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
မြင့်ဉီး(မြိတ်)


