၈ ဇူလိုင်
အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးကြိုးပမ်းမှုကာလက ပြောကြားခဲ့မှုများသည်ထိုစဉ်ကာလက နိုင်ငံရေးသမားများနှင့် ပြည်သူလူထုတို့အား မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရေး၊ နိုင်ငံပြန်လည်ထူထောင်ရေးအတွက် နိုင်ငံသားများ ကိုယ်စီထားရှိ ကြိုးပမ်းအားထုတ် ရမည့် သဘောထားအမြင်များကို ပွင့်ပွင့်လင်းလင်း မီးမောင်းထိုးပြခဲ့ပါသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ရာ၌ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး ကာလများအတွင်း နိုင်ငံရေးသမားများအပါအဝင် တိုင်းသူပြည်သားအားလုံးတို့မှာ တစည်းတလုံးတည်း လက်တွဲဝန်းရံခဲ့ကြသော်လည်း လွတ်လပ်ရေး ကြိုးပမ်းမှုကာလ၊ လွတ်လပ်ရေး ရရှိလုနီးနီး အချိန်၌ ပြည်သူများ အထူးသဖြင့် နိုင်ငံရေးသမားများ တကွဲတပြားဖြစ်ခဲ့ရာ ထိုစဉ်အချိန်က ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ယာယီအစိုးရအဖွဲ့သည်ပင် ဆန်စဉ်ရာ ကျည်ပွေ့မလိုက်နိုင်သကဲ့သို့ ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် ဂိုဏ်းဂဏ ကွဲပြားမှု၊ အမျိုးသား သစ္စာဖောက်မှုများနှင့် ကြုံတွေ့ရသဖြင့် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်ဆောင်ဆန်းနှင့်တကွ အမျိုးသားခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် အဖြစ်ဆိုးနှင့် ကြုံတွေ့ရသည့်အဖြစ်မျိုးပင်ရောက်ခဲ့ရသည်။
ထိုကာလက ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် တိုင်းပြည်နှင့်လူမျိုးတွင် ရှိအပ်သော ဂုဏ်အင်္ဂါရပ်များနှင့် ထားရှိရမည့် စိတ်ထားအခြေအနေများမှာ လွတ်လပ်ရေး အကြိုကာလအတွက်သာမက မျက်မှောက်ကာလ ပကတိအနေအထားများနှင့်ပါ ထင်ဟပ်ပေါ်လွင်ကိုက်ညီနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံ၏အနာဂတ်ကို မြော်တွေး သုံးသပ်နိုင်သော အသိဉာဏ်နှင့် တွေးခေါ်မြော်မြင်မှုများကို ကျွန်ုပ်တို့ မျက်မှောက်ကာလ ပြည်သူလူထု အပေါင်းတို့က လေးစားဂုဏ်ပြု မှတ်သားလိုက်နာကြရမည်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းများအနက် ရွှေတိဂုံဘုရား အလယ်ပစ္စယံတွင် ပြည်သူလူထုအား ပြောကြားခဲ့သော အချက်များမှာ ယနေ့မျက်မှောက်ကာလ အခြေအနေအပေါ် ထင်ဟပ် နေသည်ကိုမြင်တွေ့ရပါသည်။ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို တစ်နှစ်အတွင်း ရရှိစေရမည်ဟု အသိပေးပြောကြားခဲ့ပြီး ညီညွတ်မှု၊ စည်းကမ်းလိုက်နာမှု၊ လွတ်လပ်ရေးနှင့်ထိုက်တန်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှု၊ ကျင့်ကြံပြုမူနေထိုင်မှုတို့မရှိပါက ရရှိထားသော လွတ်လပ်ရေး အချည်းအနှီးဖြစ်နိုင်ပုံကို သတိပေးပြောကြားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ရွှေတိဂုံဘုရား အလယ်ပစ္စယံမိန့်ခွန်းတွင် လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင် မြေက မပေါက်နိုင်ကြောင်း၊ လွတ်လပ်ရေးရလျှင်ပင် ပဒေသာပင် မြေက ပေါက်လာလိမ့်မည်ဟု ထင်မြင်နေကြကြောင်းဖြင့် အချောင်သမားစိတ်ဓာတ်ကို သတိပေးခဲ့သည်။ ထို့အပြင် သူတစ်ပါးနိုင်ငံ၏ လွတ်လပ်ရေးကို နှောင့်ယှက်ခြင်းသည် လွတ်လပ်ရေးမဟုတ်၊ ရမ်းကားမှုသာဖြစ်သည်ဟု လွတ်လပ်ရေးနှင့် ပတ်သက်၍ သတိထားရမည့်အချက်ကို ပြောကြားခဲ့သည်။ နိုင်ငံသူနိုင်ငံသားများ စိတ်ဓာတ်နှင့်စည်းကမ်း လိုက်နာရေးအတွက် လွတ်လပ်ရေးရပြီဆိုပြီး ဟင်္သာတဘက်တွင် လမ်းမပေါ်တက်၍ ဆေးရိုးလှမ်းနေသည်ကို မြင်တွေ့ခဲ့ရကြောင်း၊ ကိုယ်တစ်ဦးတစ်ယောက် ကောင်းစားရန်အတွက် ဖြစ်စေ၊ ကိုယ့်အမျိုး ကောင်းစား ရေးဖြစ်စေ လုပ်သည့်အခါတွင် အများအကျိုးကို မထိခိုက်ဖို့၊ နိုင်ငံအကျိုးကို မထိခိုက်ဖို့လိုကြောင်း ပြောကြားခဲ့သည်။
သို့ဖြစ်ရာ လွတ်လပ်ရေးရရှိပြီးသည်မှာ နှစ်ပေါင်း ၇၀ ရှိပြီဖြစ်သော်လည်း ကျွန်ုပ်တို့ နိုင်ငံသူ၊ နိုင်ငံသား များ ဗိုလ်ချုပ်အောင်ဆန်း သတိပေးပြောကြားသကဲ့သို့ ညီညွတ်မှု၊ စည်းကမ်းလိုက်နာမှု၊ နိုင်ငံ၏ အချုပ်အခြာအာဏာကို ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်မှုရှိ၊ မရှိတို့ကို ပြန်လည်ဆန်းစစ် သုံးသပ် ဝေဖန်ပြီး နိုင်ငံနှင့်လူမျိုး အကျိုးကိုဝိုင်းဝန်းသယ်ပိုး ထမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း။ ။
(ကြေးမုံ)