စည်းကမ်းတင်းကျပ်မှုတွေ လိုအပ်လာတဲ့ ဆယ်စုနှစ်အတွင်း သေဆုံးမှုအမြင့်ဆုံးဖြစ်ခဲ့တဲ့ ဧဝရက်တောင်တက်ခရီးကြမ်း

ထွန်းသစ်စ

တောင်တက်သမားတွေနဲ့ ပြည့်ကျပ်နေတဲ့ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ရဲ့ သေဆုံးမှုတွေများခဲ့တဲ့ ယခုနှစ် တောင်တက် ရာသီအပြီးမှာတော့ နီပေါနိုင်ငံဟာ ဧဝရက်တောင်တက်ခွင့်နဲ့ ပတ်သက်ပြီး တင်းကျပ်သွားဖို့ စဉ်းစားနေတယ်လို့ သိရပေမယ့် တောင်တက်ကျွမ်းကျင်သူတွေကတော့ ဖြစ်ပေါ်လာမယ့် ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ပြောသလို ဖြစ်မလာမှာကိုတော့ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

မဖြစ်သေးဘူး
ဟုတ်ပါတယ်။ ယခုနှစ်တောင်တက်ရာသီမှာတော့ နီပေါအခေါ် ဆာဂါမာသာ၊ တိဗက်အခေါ် ချိုမိုလန်မာလို့ခေါ်တဲ့ ဧဝရက်တောင် တက်ခရီးကြမ်းမှာ လူပေါင်း ၁၁ ဦး သေဆုံးခဲ့ပါတယ်။ တောင်တက်သမားတွေ ပြည့်ကျပ်မှုကြောင့် သေဆုံးခဲ့သူ အနည်းဆုံး လေးဦးရှိခဲ့တယ်လို့ ဆိုငြားသော်လည်း အတွေ့အကြုံမရှိတာက အများအပြား သေဆုံးမှုကို ဖြစ်စေတယ်လို့ အများစုက ဆိုပါတယ်။ တောင်တက်ခြင်းကို ဘာမှနားမလည်တဲ့ သူတွေအနေနဲ့ ဧဝရက်တောင်ကိုတက်ဖို့ မကြိုးစားသင့်သလို ဧဝရက်တောင်ကိုလည်း မလာသင့်ဘူးလို့ ချီလီတောင်တက်သမား ဂျူအန်ပါဘလိုမိုက ခတ္တမန္ဒူ အပြန်ခရီးမှာ အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။

လူအတော်များများဟာ တောင်တက်ဖိနပ်တွေဖြစ်တဲ့ ရေခဲပြင် ဖိနပ်ပြားမှာတပ်တဲ့ သံဆူးသတ္တုပြားတပ် ဖိနပ်တွေကို ဘယ်လိုအသုံး ချရမလဲဆိုတာ မသိသလို ကြိုးတွေကိုလည်း ဘယ်လိုအသုံးချရမလဲ ဆိုတာမသိဘူးလို့ သူက ဆက်ပြောပါတယ်။ အဲဒီလို ကိစ္စလေးတွေက အစပြုလို့ အခြေခံအချက်လေးတွေကို နီပေါတောင်တက် လမ်းညွှန်တွေကိုပဲ အားကိုးနေရရင်တော့ မဖြစ်သေးဘူးလို့ သူက ဆိုပါတယ်။

လှမ်းကွာသွားတတ်
နှစ်ပေါင်းအတော်ကြာ နီပေါနိုင်ငံဟာ တောင်တက်သမားအသစ် ပဲဖြစ်ဖြစ်၊ ကျွမ်းကျင်တောင်တက်သမားတွေပဲဖြစ်ဖြစ် ဘယ်သူမဆို အမေရိကန်ဒေါ်လာ ၁၁၀ဝဝ ပေးရင် တောင်တက်ခွင့် ထုတ်ပေးလိုက်ပါတယ်။ သို့သော်လည်း လူသေဆုံးမှု များတဲ့ ယခုနှစ် နွေဦးတောင် တက်ရာသီမှာတော့ သက်ဆိုင်ရာ အာဏာပိုင်တွေဟာ တောင်တက်ခွင့်နဲ့ ပတ်သက်ပြီး ပိုမိုတင်းကျပ်တဲ့ ကန့်သတ်ချက်တွေပြဋ္ဌာန်းသွားဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။ 

တောင်တက်သမားတွေရဲ့ အနည်းဆုံး လိုအပ်ချက်တွေကို ပြန်လည်စိစစ်သွားမှာ ဖြစ်ပါတယ်။ ကြိုးတွေ စနစ်တကျအသုံးပြု တာ၊ အောက်ဆီဂျင်နဲ့ တောင်တက်သမားတွေကို ကူညီလမ်းပြပေးသူတွေ လုံလုံလောက်ရှိတာ စတဲ့အချက်တွေကိုလည်း ထည့်သွင်း စဉ်းစားသွားမယ်လို့ နီပေါခရီးသွားဝန်ကြီးဌာန အတွင်းရေးမှူးဖြစ်သူ မိုဟန်ခရစ်ရှ်နာဆက်ပ်ကိုတာက ပြောပါတယ်။ ဝါရင့်တောင်တက်သမားတွေ အတွက်ကတော့ စည်းမျဉ်း စည်းကမ်းသစ်တွေပါဝင်တဲ့ ကြေညာချက်ဟာ နှစ်စဉ်လေ့ကျင့်မှုထက်တော့ ပိုမယ်မထင်ပါဘူး။ နှစ်စဉ်နှစ်တိုင်းမှာအစိုးရက တောင်တက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကြပ်ကြပ်မတ်မတ် လုပ်ဆောင်မယ်လို့ ကတိပေးခဲ့သော်လည်း တကယ့်တကယ် လိုက်နာမှုအပိုင်းမှာတော့ တောင်တက်ရာသီ ရောက်လာတဲ့အခါမှာ လိုအပ်ချက်တွေနဲ့ အလှမ်းကွာ သွားတတ်ပါတယ်။

ခရီးသွားလုပ်ငန်း
ဆယ်စုနှစ်အတော်ကြာ တောင်တက်သမားတွေကို စုပေးနေတဲ့ ဟိမဝ္တာအတွေ့အကြုံရှာ ကုမ္ပဏီဖြစ်တဲ့ ဟိုင်မက်စ်ပိုင်ရှင် ရက်ဆဲလ်ဘရိုက်စ်က နှစ်ပေါင်းအတော်ကြာ အစိုးရအရာရှိတွေနဲ့ တွေ့ဆုံမှုတွေ လုပ်ပြီးတဲ့နောက် ခရီးသွားဝန်ဆောင်မှုမှာ အစိုးရနဲ့သူတို့ ကုမ္ပဏီရဲ့ သဘောထားတွေဟာ ကွဲပြားမှုမရှိဘူးလို့ ဆိုပါတယ်။ ဝန်ကြီးဌာနကတော့ ဧဝရက်တောင်ပေါ်မှာ လူတွေပြည့်ကျပ်နေတဲ့ ကိစ္စကိုငြင်းဆိုခဲ့ပြီး တောင်တက်ခွင့်တွေကိုလည်း အများကြီး မထုတ်ပေးဘူးလို့ ဆိုပါတယ်။ ဒါတွေဟာ အဓိပ္ပာယ်မရှိတဲ့ စကားတွေလို့လည်း ဘရိုက်စ်က ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က တောင်တက်သူတွေ ပြည့်ကျပ်မှုမရှိစေဖို့ အသေတပ်ဆင်ထားတဲ့ကြိုးတွေကို တောင်ထိပ်နားမှာ နှစ်ဆတိုးမြှင့် တပ်ဆင်ပေးထားတယ်လို့ ခတ္တမန္ဒူ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီလိုမျိုးတွေ တပ်ဆင်ပေးထားတဲ့အတွက် အခုလိုမျိုး တောင်တက်သူတွေ ပြည့်ကျပ်နေတဲ့ကိစ္စတွေ နောက်တစ်ခါ ထပ်မဖြစ်နိုင်တော့ဘူးလို့လည်း သိရပါတယ်။

ပြီးတော့လည်း စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ကူညီပေး ရေးတပ်ဖွဲ့ဝင်တွေဟာ ဧဝရက်တောင်ခြေမှာ အကူအညီ ပေးဖို့အတွက် အမြဲလှုပ်ရှားနေကြတယ်လို့လည်း အစိုးရက ပြောပါတယ်။ သို့သော်လည်း ၂၀၁၅ ခုနှစ်က အေအက်ဖ်ပီ သတင်းထောက်တစ်ယောက် အဲဒီကိုရောက်သွားတော့ သူတို့ပြောသလို ကူညီပေးရေး တပ်ဖွဲ့ဝင်တွေ ဖြန့်ကြက်မှုမရှိတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ သို့သော်လည်း တစ်နှစ်နဲ့တစ်နှစ်ကတော့ ပြောင်းလဲမှုတွေ အမြဲဖြစ်နေတာကြောင့် ယခုနှစ်တော့ ဘယ်လိုရှိမလဲဆိုတာ မသိပါဘူး။

ဒါပေမယ့် တိဗက်အခြမ်းမှာတော့ ဧဝရက်တောင်တက်သမား တွေကို ၃၀ဝ အထိပဲ ကန့်သတ်ထားတာတွေ့ရပြီးတော့ နီပေါဘက် အခြမ်းမှာတော့ အဲဒီလို ကန့်သတ်ထားတာတွေ မတွေ့ရပါဘူး။ မျိုးမျိုးမြက်မြက်ကလေး ရဖို့အတွက် ဒါဟာ အန္တရာယ်ရှိတဲ့ ခရီးသွားလုပ်ငန်းတစ်ခုလည်း ဖြစ်တယ်လို့လည်း သုံးသပ်ရမှာပါ။

လက်ယပ်ခေါ်နေသလို
ပြိုင်ရှိလာတဲ့ခေတ်မှာ ခရီးသွားကုမ္ပဏီတွေက ဈေးလျှော့ပေးပြီး ဆွဲဆောင်လာတဲ့အတွက်ကြောင့် ဧဝရက်တောင်တက်သမား တွေ စိတ်ဝင်စားမှု မြင့်တက်လာပြီး တောင်ထိပ်နားအရောက် ၈၈၄၈ မီတာ ၂၉၀၂၉ ပေ ရှိတဲ့ တောင်ပေါ်ရောက်ဖို့အတွက် ကြိုးစားနေချိန်မှာ ဖြုတ်ခနဲဆိုသလို ရာသီဥတုက ဆိုးရွားသွားတော့ အဖြစ်အပျက်တွေဟာ မတွေးရဲစရာတောင် ကောင်းလာပါတယ်။ ကံဆိုးချင်တော့ အဲဒီလို အဖြစ်အပျက်မျိုး ဒီနှစ် ဧဝရက်တောင်တက်ရာသီမှာ ဖြစ်ခဲ့တာပါပဲ။ စုစုပေါင်း ဒီနှစ် ဧဝရက်တောင်တက်ရာသီမှာ ၁၁ ဦး သေဆုံးခဲ့ပါတယ်။

တောင်တက်လမ်းညွှန်အဖြစ် ဆယ်စုနှစ်အတော်ကြာ လုပ်ကိုင်ခဲ့သူ အတွေ့အကြုံရင့် တောင်တက်လမ်းညွှန်တစ်ဦးဖြစ်သူ ဖာဘာတန်ဂျင်ရှာပါးက တချို့တောင်တက်သမားတွေဟာ ပြောစကား နားမထောင်ဘူး။ သူတို့ကို ခွင့်မပြုတဲ့ နေရာတွေလည်း သူတို့က သွားတာပဲ။ အခုသေသွားတဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦးဆိုရင် သူ့ကိုခွင့်မပြု တဲ့နေရာကို သူက အတင်းသွားပြီး မသွားနဲ့လို့ပြောတော့ တောင်တက်ဖို့အတွက် သူက ပိုက်ဆံပေးထားရတာ၊ တောင် ထိပ်ကိုတော့ တွေ့ချင်တယ်ဆိုပြီး အတင်းသွားတော့ မသေသင့်ဘဲ သေခဲ့ရတာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

အဲဒီလိုတောင်တက်သမားတွေ တစ်နှစ်ထက်တစ်နှစ် များလာပါတယ်။ သူတို့က သူတို့ဘာပဲဖြစ်ဖြစ် တောင်တက်မယ်ချည်းပဲ ပြောနေ တော့တာပဲ။ သူတို့ရဲ့ ခေါင်းမာမှုတွေက တောင်ပေါ်မှာ လူတွေသေဆုံးစေတဲ့ အဖြစ်အပျက်တွေကို လက်ယပ် ခေါ်နေသလိုပါပဲလို့ သူက ဆက်ပြောပါတယ်။

ကမ္ဘာကြီးက အသိအမှတ်ပြု
ဧဝရက်တောင်တက်တာကြီးက တဖြည်းဖြည်းနဲ့ ယိုယွင်းပျက်စီးလာတဲ့အတွက် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီများ ကိုယ်စား နီပေါတောင်တက်အဖွဲ့က အစိုးရကို ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေထုတ်ဖို့ နှိုးဆော်တိုက်တွန်း လျက်ရှိပါတယ်။ ဒီနှစ် တောင်တက်ရာသီမှာ တောင်တက်သမားတွေ သေဆုံးမှုမြင့်တက်လာတဲ့ အကြောင်းကတော့ အတွေ့အကြုံမရှိတဲ့ တောင်တက်သမားတွေ များပြားလာလို့ပဲ ဖြစ်တယ်လို့ နီပေါတောင်တက်အဖွဲ့ဥက္ကဋ္ဌ ဆန်တာဘာလာမာ က ပြောပါတယ်။
တောင်တက်သမားတွေဟာ မိမိကိုယ်ကိုယ် ကျိန်းသေကာကွယ် နိုင်ရမယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချရမယ်။ အဲဒီလိုမှ မဟုတ်ရင် တောင်တက်ခွင့်ကို မထုတ်ပေးသင့်ဘူး။ ထုတ်ပေးတဲ့အခါမှာလည်း အဲဒီလိုအချက်တွေကို ထည့်သွင်းစဉ်းစားရ မယ်လို့ သူကပြောပါတယ်။ ၁၉၅၃ ခုနှစ် မေ ၂၉ ရက်မှာ အက်မန့်ဟီလာရီနဲ့ တန်ဇင်နော်ဂေးတို့ဟာ ဧဝရက်တောင်ကို ပထမဆုံး ခြေချခဲ့သူတွေဖြစ်ပြီးတော့ သူတို့ဟာ ရှားပါးတဲ့ ဆုလာဘ်ကိုရရှိခဲ့ပြီး ကမ္ဘာကြီးကတောင် အသိအမှတ်ပြု ခဲ့ပါတယ်။

အရင်ကတော့ ဧဝရက်တောင်တက်တယ်ဆိုတာ တကယ့်ရှားပါးတဲ့ ဆုတစ်ခုလိုပဲ ခံယူထားပြီး တက်ရောက်ခဲ့ကြတာတွေ ရှိပေမယ့်လည်း အခုအခါမှာတော့ နိုင်ငံခြားဝင်ငွေရှာတဲ့ ခရီးသွားလုပ်ငန်းတစ်ခုဖြစ်လို့ လာပါတယ်။

ယခုနှစ် တစ်နှစ်တည်းမှာ နီပေါနိုင်ငံဟာ ဧဝရက်တောင်တက် ခရီးစဉ်ကနေ ရရှိခဲ့တဲ့ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ လေးသန်းနီးပါး ရှိခဲ့ပါတယ်။ အခုလိုဝင်ငွေမျိုးရရှိတာ ကောင်းတဲ့အချက်ပါလို့ ဟိုင်းမက်စ် ခရီးသွားကုမ္ပဏီပိုင်ရှင် ဘရိုက်စ်က ပြောပါတယ်။

သို့သော်လည်း အကျိုးအမြတ်တွေကိုကြည့်ပြီး ရသမျှခရီးသွားလုပ်ငန်းက ဝင်ငွေတွေကို သိမ်းကြုံးယူနေမယ်ဆိုရင် တစ်ဖက်ကလည်း သူ့အတွက် သင့်တော်တဲ့ အခြေအနေတွေကို ပြန်လည်ပေးဆပ်ရမှာပဲ ဖြစ်ပါတယ်။ သို့မဟုတ်ပါက ယူသာယူပြီး ပြန်လည်ပေးဆပ်မှုမရှိရင် ကြာရှည်မှာ ခရီးသွားလုပ်ငန်းကြီးတစ်ခုလုံး ထိခိုက်လာနိုင်တယ်လို့ သူက သုံးသပ်ထားပါတယ်။   ။
ကိုးကား - အေအက်ဖ်ပီ