နေပြည်တော် ဖေဖော်ဝါရီ

 

အတိတ်ကာလ မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ချမ်းသာခြင်းအစစ်နှင့်ပတ်သက်၍ ရဟန်းတို့ငြင်းခုံကြရာ ငြင်းခုံကြသော ရဟန်းတို့အား မြတ်စွာဘုရားရှင်ကသမဂ္ဂါနံ တပေါသုခေါအစရှိသည့် ညီညွတ်ခြင်းတရားကို ဟောကြားခဲ့သည်။ စိတ်တူထပ်မျှ ညီညွတ်လှသောအဖြစ်သည် စင်စစ်ဧကန် အမှန်ချမ်းသာခြင်းဖြစ်ကြောင်း၊ ကြီးပွားခြင်းဖြစ်ကြောင်း၊ ချမ်းသာခြင်းအစစ်ဖြစ်ကြောင်း ဟောဖော်ညွှန်ပြဆုံးမခဲ့သည်။

 

 

အရာရာတွင် ညီညီညွတ်ညွတ် တိုင်တိုင်ပင်ပင်ဖြင့် စုပေါင်းညီညာပြုလုပ်ကြမည်ဆိုလျှင် အောင်မြင်မှုကို ရနိုင်သည်သာဖြစ်သည်။ လူသားများကိုပင်မဆိုနှင့် တိရစ္ဆာန်ဖြစ်သော ငုံးသတ္တဝါတို့သည်ပင် ပိုက်ကွန်တွင် မိစဉ်ကာလ၌ ညီညာစွာစုပေါင်းပျံတက်ကြသောအခါ အန္တရာယ်မုဆိုးကျော့ကွင်းမှ လွတ်ကင်းကြရပုံ ရှေးဥပမာရှိခဲ့ဖူးသည်။မပျံမည် မပျံဘူးဟု မညီမညွတ် ငြင်းခုံကြမည်ဆိုလျှင် မုဆိုးကျော့ကွင်းသို့ သက်ဆင်း နိုင်ပုံကို သတိပေးထားသည်။ မညီညွတ်သောအကျိုးကို ခါးသီးနာကျင်စွာခံစားကြရပြီး သေကျေပျက်စီးခြင်းအဖြစ်သို့ပင် ရောက်ရှိနိုင်ပေသည်။

 

 

ထို့ကြောင့် ဘဝမှလွတ်မြောက်ရေး၊ ဘဝအတွက် အောင်မြင်ရေးကြိုးပမ်းအားထုတ်ကြရာတွင် ညီညီညွတ်ညွတ် ကြိုးပမ်းအားထုတ်ကြပါမှအောင်မြင်မှုကို ရရှိနိုင်ပြီး မညီမညွတ်ရှိနေသမျှကာလပတ်လုံး မည်သည့်အခါမျှ အောင်မြင်မှုမရနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် ညီညွတ်ခြင်းအကြောင်းတရားများ များစွာလိုအပ်နေသေးသည်ကို တွေ့ရသည်။ ပြည်သူအားလုံး အကျိုးစီးပွားအတွက် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုကြီးဖြစ်ပေါ်လာအောင်ဆောင်ကြဉ်းကြရာ၌ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၊ တစ်တိုင်းပြည်လုံး စည်းလုံးညီညွတ်ကြရန် လိုအပ်ပေသည်။

 

 

ခေါင်းဆောင်အချို့၏ ၄င်းတို့အဖွဲ့အစည်းတို့နှင့် ညီညွတ်ရေးမှာ အားနည်းချက်ရှိသည်ဆိုငြားလည်း တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးကို ကိုယ်စားပြုသည့် ညီညွတ်မှုစွမ်းအားဖြင့် ကိုလိုနီနယ်ချဲ့ထံမှ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်နိုင်ပုံမှာ သိရှိမှတ်သား လိုက်နာကြဖွယ်ဖြစ်သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ရက်နေ့တွင် မြန်မာတစ်ပြည်လုံး လွတ်လပ်သောနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်မှာ စည်းလုံးညီညွတ်ခြင်း၏ အရင်းခံအကြောင်းတရားဖြစ်သည့် ပြည်သူလူထု တစ်ရပ်လုံး၏ တစ်ခဲနက်ထောက်ခံမှု၊ တိုင်းရင်းသားပြည်သူလူထု ကိုယ်စားလှယ်ခေါင်းဆောင်များက ပင်လုံစာချုပ်တွင် တညီတညွတ်တည်း လက်မှတ်ရေးထိုးနိုင်မှု အကြောင်းတရားများကြောင့်ပင် ဖြစ်သည်။

 

 

ကမ္ဘာတည်သရွေ့ မြန်မာ့သမိုင်းတွင် ဂုဏ်ယူဝံ့ကြွားဖွယ်ရာ သမိုင်းမော်ကွန်းရေးထိုးခဲ့သော စည်းလုံးညီညွတ်မှုသည် လွတ်လပ်သောပြည်ထောင်စုကြီး ပြန်လည်ပေါ်ထွန်းရေးအတွက် အုတ်မြစ်ချသန္ဓေ တည်ရာ ပင်လုံမြေဖြစ်သည်။ ပင်လုံမြေတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ခြင်းပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတိတိတွင် အောက်ပါတိုင်းရင်းသားပြည်သူလူထု ကိုယ်စားလှယ်တော်ကြီး ၂၃ ဦး လက်မှတ်ရေးထိုးခဲ့သည်မှာ သမိုင်းသက်သေပင်ဖြစ်သည်။

 

 

မြန်မာအစိုးရကိုယ်စား ဗိုလ်ချုပ်အောင်ဆန်း၊ တောင်ပိုင်းစော်ဘွား စဝ်ခွန်ပန်းစိန်၊ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်၊ မြောက်ပိုင်းသိန္နီစော်ဘွား စဝ်ဟုံဖ၊ လဲချားစော်ဘွား စဝ်နွံ၊ မိုင်းပွန်စော်ဘွား စဝ်စံထွန်း၊ သာမိုင်းခမ်းစော်ဘွား စဝ်ထွန်းအေး၊ သထုံစော်ဘွား ကိုယ်စားလှယ် ဦးဖြူ၊ လူထုကိုယ်စားလှယ်များဖြစ်ကြသည့် ဦးခွန်ဖုန်း၊ ဦးတင်ဧ၊ ဦးကြာပု၊ စဝ်ထိပ်ဖ၊ ဦးထွန်းမြင့်၊ ဦးခွန်စော၊ ဦးခွန်ထီး၊ ကချင်ကိုယ်စားလှယ်များဖြစ်သည့် ဆမားဒူဝါ ဆင်ဝါးနောင်၊ ဒူဝါဇော်ရစ်၊ ဦးဒိန်ရတန်၊ ဒူဝါဇော်လွန်း၊ ဦးလဘန်ဂရောင်၊ ချင်းကိုယ်စားလှယ်များဖြစ်သည့် ဦးလွှာမှုန်း၊ ဦးထောင်ဇာခုပ်နှင့် ဦးကီယိုမန်းတို့သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အုတ်မြစ်ချပေးခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးများဖြစ်သည်။

 

 

သို့ဖြစ်ရာ ဘိုးဘွားများ အုတ်မြစ်ချပေးခဲ့သည့် စည်းလုံးညီညွတ်မှုအမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြ၍ စည်းလုံးညီညာခြင်းဖြင့် ပြည်ထောင်စု၏ အောင်မြင်မှုကို ရယူကြပါစို့။

 

ကြေးမုံ