၁၁  ဖေဖော်ဝါရီ

 

ရာဇဝင်ကြောင်းကို ပြန်ပြောင်း၍ကြည့်ရှုမူ အမျိုးဘာသာ သာသနာတို့သည် တည်တံ့၍မနေ၊ ရောနှောပျံ့ နှံ့လျက်ရှိလေသည်။ ဘယ်နိုင်ငံတွင်မှ လူမျိုးတစ်မျိုးတည်းမရှိချေ။ လူမျိုးတစ်မျိုးတွင်လည်း အမျိုးမျိုးသော ဘာသာတရားတို့ကို အားထားယုံကြည်မှု ရှိကြပြန်လေသည်။ ဥပမာအားဖြင့် အမေရိကန်နှင့် ဗြိတိသျှတို့သည် ဘာသာစကားတူ၏။ လူမျိုးတစ်မျိုးတည်း မဟုတ်ချေ။ ဆိုဗီယက်ရုရှားမှာမူ လူမျိုးချင်းတူ၏။ ဘာသာစကားချင်း မတူကြချေ။ သို့ဖြစ်ရကား လူမျိုးဆိုသည်မှာ သုခဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်း ထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာ ဖြစ်ပေသည်။

 

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့ပြီးနောက် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်စဉ်ကာလ ၁၉၄၆ ခုနှစ် နှစ်ဆန်းကာလအတွင်း ... အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံ (ရွှေတိဂုံအလယ်ပစ္စယံ ညီလာခံ) ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းပြောကြားရာတွင် အထက်ပါ အချက်တို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ ထိုခေတ် ကမ္ဘာ့အခြေအနေ၊ နိုင်ငံတကာမြင်ကွင်းတွင် ကိုလိုနီနယ်ချဲ့ နိုင်ငံဟောင်းကြီးများ၊ သူ့ကျွန်ဘဝမှ လွတ်မြောက်ခါစ နိုင်ငံများ၊ လွတ်လပ်ရေးအတွက် ရုန်းကန်လှုပ်ရှားဆဲ နိုင်ငံများ၊ အရင်းရှင်နယ်ချဲ့ဝါဒ၊ ဖက်ဆစ်အာဏာရှင်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ စသည့်ဝါဒစနစ်များ၏ ပြိုင်ဆိုင်မှုများ စသည်တို့ဖြင့် လှုပ်ခါလျက်ရှိသည်။ ထိုစဉ်က တည်ထောင်ခါစ ကုလသမဂ္ဂသည် နယ်ချဲ့လက်အောက်ခံ နိုင်ငံများအတွက် အားကိုးဖွယ် ဖြစ်မလာသေးပါ။ ထို့ကြောင့်ဤနိုင်ငံပေါင်းစုံ ကုလသမဂ္ဂသည် စစ်အောင်မြင်သော နိုင်ငံကြီးများ၏ လက်အောက်ခံနိုင်ငံများရှိ လက်အောက်ခံ လူမျိုးများအတွက် မည်သို့မျှ မစီမံ မဆောင်ရွက်သေးသောကြောင့် ထိုထိုသော နိုင်ငံငယ်များရှိ လူမျိုးများ၏ နိုင်ငံရေး၊ စီးပွားရေးမျှော်လင့်ချက်သည် ရှေးကကဲ့သို့ပင် မသေမချာ မရေမရာပင် ရှိပေသေး၏ဟူ၍ ဗိုလ်ချုပ်အောင်ဆန်းက ဝေဖန်ပြောကြားခဲ့သည်။

 

နိုင်ငံပေါင်းစုံ ကုလသမဂ္ဂသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့လုံခြုံရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်သော အဖွဲ့ ကြီးဖြစ်လိုခဲ့ပါလျှင် နိုင်ငံကြီး နိုင်ငံငယ် စက်ဆုပ်ဖွယ်ကောင်းသော အတန်းအစားခွဲခြင်းတို့ကို ပပျောက်အောင် ပြုလုပ်သင့်ကြပေပြီဟူ၍လည်း ဗိုလ်ချုပ်က ထောက်ပြခဲ့သည်။ ပြောင်းလဲလာသည့် ကမ္ဘာ့အခြေအနေအရ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးတို့အတွက် ဘာသာရေး၊ လူမျိုးရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ကြီးပွားရေး စသည်ဖြင့် ရာဇဝင်သဘောအရ အလွန်နီးကပ် ဆင်တူသူများ ပူးပေါင်းကာ ပြည်ထောင်စုထူထောင်နိုင်ရန် ဗိုလ်ချုပ်က လမ်းညွှန်ခဲ့သည်။

 

ပြည်ထောင်စု၏သဘောနှင့် လူမျိုးဆိုသည်၏ အနက်အဓိပ္ပာယ်တို့ကိုလည်း ဖွင့်ဆိုရှင်းပြခဲ့သည်။ စည်းလုံးညီညွတ်ခြင်း၊ ပေါင်းစည်းနေထိုင်ခြင်းဖြင့်သာလွတ်လပ်မှု၊ လုံခြုံမှုတို့ကို ခံစားရရှိနိုင်ကြောင်းလည်း အလင်းပြခဲ့သည်။ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီးသည့်နောက် ပစ္စုပ္ပန်ကာလ မိမိတို့မျက်မှောက်ပြုနေရသည့် ကမ္ဘာကြီး၏ အခြေအနေအရပ်ရပ်တို့တွင်လည်း ဗိုလ်ချုပ်၏ ဖွင့်ဆိုချက်နှင့် တွေးခေါ်မြော်မြင်မှုတို့မှာ ဆက်လက်မှန်ကန် နေဆဲပင်ဖြစ်သည်ဟု ဆိုနိုင်သည်။ Might is Right ဟု ဆိုသည့် အင်အားပဓာန အယူဝါဒ၊ အင်အားကသာ အခရာကျသည့် သဘောတရားက ကမ္ဘာတွင် လွှမ်းမိုးနေဆဲ။ မိမိတို့၏ ပိုင်နက်နယ်မြေ၊ မိမိတို့၏ အမျိုးအနွယ်၊ မိမိတို့၏ အချုပ်အခြာပိုင်စိုးမှုတို့ ထာဝရတည်တံ့ရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ ဖြိုးတိုးတက်ရေးတို့အတွက် အဓိကကျသော အင်အားတောင့်တင်း ခိုင်မာရေးအတွက် တစ်ခဲနက်သော၊ တစ်သားတည်းဖြစ်သော စည်းလုံးညီညွတ်မှုဖြင့် တည်ဆောက်ကြရမည်ဟု နှိုးဆော်အပ်ပါကြောင်း။

 

မြန်မာ့အလင်း (အယ်ဒီတာ့အာဘော်)