စည်းလုံးညီညွတ်မှုကို အထိပါးမခံ

နေပြည်တော် ၂၂ စက်တင်ဘာ

 

လူ့အခွင့်အရေးကောင်စီ၏ (၃၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွင်းလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့နှင့် အပြန်အလှန်ဆွေးနွေးမှုတစ်ရပ်ကိုဂျီနီဗာမြို့ရှိ ကုလသမဂ္ဂအဆောက်အအုံတွင် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ပြုလုပ်ခဲ့သည်။ ယင်းအပြန်အလှန်ဆွေးနွေးမှုတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးက မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာအပေါ် တုံ့ပြန်ပြောကြားခဲ့သည်။

 

၎င်းတို့၏အစီရင်ခံစာသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးများနှင့်ပတ်သက်၍ အထင်အမြင်လွဲမှားမှုကို ဖြစ်စေကြောင်း၊ ပေါင်းစည်းရေးကို အားပေးရမည့်အစား တိုင်းရင်းသားလူမျိုးများအကြား သဘော ထားကွဲလွဲစေပြီး နိုင်ငံပြိုကွဲရေးကို အားပေးနေသည့်သဘောသက်ရောက်နေကြောင်း၊ ယင်းအဖွဲ့၏စုံစမ်းစစ်ဆေးသည့်နည်းလမ်းသည် အားနည်းချက်များစွာရှိကြောင်း၊ ပဋိပက္ခသမိုင်းကြောင်းကို သေချာစွာလေ့လာခြင်းမပြုဘဲ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနှင့်စပ်လျဉ်း၍ တစ်ဖက်သတ်အမြင်အပေါ် အခြေခံထားကြောင်း၊ ကြီးမားသည့်ဖိအားများ ပေးခံရမှုကြောင့် FFM နေဖြင့် ၎င်းတို့ယုံကြည်လိုသော အချက်များကိုသာအစီရင်ခံစာတွင်ဖော်ပြပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်ကိုပင် လမ်းလွဲစေနိုင်သည့် အန္တရာယ်ရှိသော ကောက်ချက်များ အလျဉ်စလိုချမှတ်ထားသည်ကို တွေ့ရှိရကြောင်း စသည်ဖြင့် တုံ့ပြန်ပြောကြားခဲ့သည်။

 

လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောနိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM)၏ အစီရင်ခံစာမှာ သမာသမတ်ကျမှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှုတွင် မေးခွန်းထုတ်ရန် သိသာထင်ရှားသော အကြောင်းပြချက်များစွာရှိသည့် တစ်ဖက်သတ်အစီရင်ခံစာဖြစ်သည်။ ထိုအစီရင်ခံစာသည် ရခိုင်ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်းများပေါင်းစည်းနေထိုင်မှုကို ပျက်ပြားစေရုံမျှမက နိုင်ငံတစ်ဝန်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကိုပါ ထိခိုက်မှုဖြစ်စေသည်။

 

ထိုကဲ့သို့သော အခြေအနေများကြောင့် လူ့အခွင့်အရေးကောင်စီကလွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ကို စတင်ဖွဲ့စည်းသည့် ယမန်နှစ် မတ်လကတည်းကပင် မြန်မာနိုင်ငံက လက်ခံခြင်းမပြုခဲ့ချေ။ ယင်းအဖွဲ့သည် မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ရခိုင်ပြည်နယ်အတွင်း ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူပြုလိမ့်မည်မဟုတ်သောကြောင့် မြန်မာကိုယ်စားလှယ်အဖွဲ့က ယင်းအဖွဲ့ကို အသိ အမှတ်မပြုခဲ့ခြင်းဖြစ်သည်။

 

ယင်းအဖွဲ့သည် ဟန်ချက်ညီမှု၊ သမာသမတ်ရှိမှု၊ တရားမျှတမှုတို့ကင်းမဲ့နေလင့်ကစား မြန်မာနိုင်ငံအစိုးရအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်သည်ဟူသော စွပ်စွဲချက်များအားလုံးအပေါ် လျစ်လျူရှုခြင်းမရှိဘဲ အလေးအနက်ထားသောအားဖြင့် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ နေရပ်စွန့်ခွာသွားသူများအရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များအတွက် အလေးအနက်ထားသည်။ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင်ဘင်္ဂလားဒေ့ရှ်ဘက်မှ ပူးပေါင်းဆောင်ရွက်မှုလိုအပ်သည်။ ကုလသမဂ္ဂဘက်မှ အထောက်အကူပြုရန်အတွက်လည်း ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ရာ တရားမျှတမှုမရှိသည့် တစ်ဖက်သတ်အစီရင်ခံစာကိုတင်သွင်းပြီး အပြုသဘောမဆောင်သည့် ဆောင်ရွက်ချက်များ၊ ထိခိုက်နစ်နာစေရန် ဦးတည်သည့် လုပ်ရပ်များမှာ အသိုက်အဝန်းများအကြား ပိုမိုကွဲပြားမှုကိုသာဖြစ်စေပြီး ဖြေရှင်းရမည့်ပြဿနာကိုပင် ဆိုးရွားသွားစေနိုင်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းသာယာဝပြောသောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို စိန်ခေါ်မှုများစွာဖြင့် တည်ဆောက် နေရသည်။ ယင်းသို့သော အချိန်ကာလတွင် နိုင်ငံစည်းလုံးညီညွတ်ရေးပျက်ပြားစေရန် ကြိုးပမ်းအားထုတ်မှုဟူသမျှတို့ကို ပြည်သူအားလုံးတို့ကကာကွယ်တားဆီးကြပြီး ဓမ္မဓိဋ္ဌာန်မကျသည့်လုပ်ရပ်များအား ပြင်းထန်စွာကန့်ကွက်၍ တုံ့ပြန်ရမည်ဖြစ်ပါကြောင်း။ ။