နေပြည်တော် ၂၈ စက်တင်ဘာ

 

နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ်(၂)မှ ကျောင်းသားကျောင်းသူများက ဂါရဝပြု ဩဝါဒခံယူခဲ့ကြသည်ကို မြင်တွေ့ခဲ့ရပါသည်။

 

အဆိုပါ ဂါရဝပြုဩဝါဒခံယူပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဩဝါဒအမှာစကား ပြောကြားခဲ့ပြီးနောက် နိုင်ငံတော်သမ္မတကြီးနှင့်အတူ ကျောင်းသား ကျောင်းသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည့် ပုံရိပ်မှာ ကျက်သရေမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံလှပါသည်။ သာယာလှပသော ဥယျာဉ်ကြီးအတွင်းမှ အရောင်အသွေးစုံလင်လှပသည့် ပန်းပေါင်းစုံတို့ တစုတဝေးတည်း ဖူးပွင့်ဝေဆာ နေသည်ကို မြင်တွေ့ရသလို စိတ်ဝယ်ကြည်နူးမိပါသည်။

 

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တွင်ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူငယ်လူရွယ်များ တစုတစည်းတည်း တက်ရောက်ပညာသင်ကြားနေကြပြီးယခု ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ်(၂)မှ သင်တန်းဆင်းကြမည့် သင်တန်းသား သင်တန်းသူ ၁၆၅ ဦးတွင် တိုင်းရင်းသားမျိုးနွယ်စု ၈၂ မျိုး တစုတဝေးတည်းရှိသော ပြည်ထောင်စုကြီး၏ ပုံရိပ်ငယ်တစ်ခုအသွင်အဖြစ် မြင်တွေ့ရသဖြင့် ဝမ်းသာပီတိဖြစ်ရပါသည်။

 

တိုင်းရင်းသားလူမျိုးနွယ်ပေါင်း တစ်ရာကျော်ဖြင့် ပေါင်းစည်းတည်ထောင်ထားသော ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်းကို ဤတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက သက်သေပြနေသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာဖြင့် မြန်မာနိုင်ငံ၏ နယ်နိမိတ်အတွင်း နှစ်ပေါင်းထောင်ချီ၍ အေးအတူ ပူအမျှ အတူတကွလက်တွဲပြီးချစ်ချစ်ခင်ခင် စုစည်းနေထိုင်ခဲ့ကြကြောင်း ဤတက္ကသိုလ်ကြီးက ညွှန်းဆိုပြနေပါသည်။ ထိုသို့ရည်မှန်း၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဖော်ဆောင်ပေးနိုင်ရန် တက္ကသိုလ်ကို ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။

 

ဂါရဝပြုဩဝါဒခံယူပွဲတွင် နိုင်ငံတော်သမ္မတက “သားတို့ သမီးတို့ကိုနိုင်ငံအတွက်အားထားရတဲ့ ပညာရေးဝန်ထမ်းကောင်းတွေ ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါ့အပြင် နိုင်ငံအတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုအားကိုရယူပြီး နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံလုပ်ငန်းစဉ်တွေမှာလည်း ကျရာအခန်းကဏ္ဍကနေ အားကြိုးမာန်တက်ဝိုင်းဝန်းဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်” ဟု ပြောကြားခဲ့သည်။

 

တိုင်းရင်းသားမျိုးနွယ်ပေါင်း တစ်ရာကျော်ဖြင့် ဖွဲ့စည်းထားသောပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ဤပြည်ထောင်စုတိုင်းရင်းသားမျိုးနွယ်စု ကျောင်းသား ကျောင်းသူများကဲ့သို့ တစုတစည်းတည်းချစ်ချစ်ခင်ခင် ပေါင်းစည်းနေထိုင်ကြမည်ဆိုလျှင် မည်မျှ အေးချမ်းသာယာဝပြောမည်ကို မှန်းဆကြည့်နိုင်ပေသည်။ ဤသို့ မြော်တွေးမှန်းဆ၍ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်အောင်၊ ချစ်ကြည်ရင်းနှီးအောင် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ဤတက္ကသိုလ်ကြီးကို ဖွင့်လှစ်တည်ထောင်ထားခြင်းဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားလူငယ်မောင်မယ်များကလည်း သင်ကြားတတ်မြောက်ခဲ့သောပညာဖြင့်မျှော်မှန်းချက်အတိုင်း ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ကြရ မည်ဖြစ်သည်။

 

လက်ရှိတွင် ပြည်ထောင်စုကြီးငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ချစ်ကြည်ရင်းနှီးရေးအတွက် လိုအပ်ချက်များရှိနေသည်ဖြစ်၍ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆရာကောင်းတပည့် ပန်းကောင်းပန် ဆိုသကဲ့သို့ ပြည်ထောင်စုကြီးအပေါ် သစ္စာစောင့်သိပြီးတစည်းတလုံးတည်းနေထိုင်ကာ အေးချမ်းသာယာဝပြောသည့်ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ထောင်ကြမည့် အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွန်းလာအောင် ဝိုင်းဝန်း အကောင်အထည်ဖော်ကြရမည် ဖြစ်ပါကြောင်း။ ။