လူ့သမိုင်းတွင် သဘောကွဲလွဲမှု၊ အနိုင်အထက်ပြုမှုများကြောင့် ပဋိပက္ခများ ပေါ်ပေါက်လာခဲ့သည်။ လူတို့အနေဖြင့် ခံယူချက်၊ ယုံကြည်ချက်အမျိုးမျိုးရှိမည်ဖြစ်သော်လည်း သူစိမ်းတစ်ရံဆံတို့က မိမိတို့အသိုက်အမြုံကို အနိုင်အထက်ပြုလျှင် စည်းလုံးညီညွတ်မှုဖြင့် ကာကွယ်ကြရသည်။ ဘုံအကျိုးစီးပွားနှင့်စပ်ယှဉ်လျှင် တူညီသော သဘောထားများ ထားရှိကြသည်။ အဆိုပါသဘောထားခံယူချက်သည် နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားအားလုံး ထားရှိရမည့်သဘောထားဖြစ်ပြီး အဆိုပါ သဘောထားခံယူချက်ဖြင့်  မိမိနိုင်ငံကိုမိမိတို့  တိုးတက်ကောင်းမွန်လာအောင် တည်ဆောက်ကြသည်ကို တွေ့ရမည်။

 

မြန်မာနိုင်ငံသမိုင်းကြောင်းတစ်လျှောက်၌ ဖြစ်ပေါ်ခဲ့သည့်အခြေအနေအရပ်ရပ်တို့သည် ညီညွတ်မှု၊ မညီညွတ်မှုတို့ အပေါ်တွင်  အကြောင်းခံသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းရှည်ကြာ ဖြစ်ပေါ်လျက်ရှိသည့် လက်နက်ကိုင် ပဋိပက္ခများ အကြောင်းအမျိုးမျိုးဖြင့် ရှိမည်ဖြစ်သော်လည်း ညီညွတ်မှုကို မတည်ဆောက်နိုင်သောကြောင့်  သက်ဆိုးရှည်ကြာနေသည်။ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လက်နက်ကိုင်ပဋိပက္ခများနှင့် ပတ်သက်၍ ပြန်လည်ဆန်းစစ်ကြည့်နိုင်ရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

 

လူ့အသိုက်အဝန်းများအနေဖြင့် စိတ်ဝမ်းမကွဲပြားအောင် တည်ဆောက်ထားကြရပြီး စိတ်ဝမ်းကွဲပြားခဲ့လျှင်လည်း ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန် ခက်ခဲလှသည်ကို မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများက မီးမောင်းထိုး သက်သေပြလျက်ရှိသည်။ သင်ခန်းစာယူရမည့် မြန်မာ့သမိုင်းကို မြန်မာတို့ လေ့လာဆည်းပူးရန် အားနည်းခဲ့သည်။ သမိုင်းကြောင်းကိုသိမှသာ ပစ္စုပ္ပန်ကာလ အားနည်းချက်များကိုသိမြင်ပြီး အနာဂတ်တွင် အကျိုးဖြစ်ထွန်းအောင် ဆောင်ကြဉ်းပေးနိုင် မည်ဖြစ်သည်။ မြန်မာ့သမိုင်းအဖြစ်အပျက်များကို သင်ခန်းစာယူ၍ ကောင်းမွန်သော အနာဂတ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

 

မြန်မာ့သမိုင်းတွင် နယ်ချဲ့တို့သည် ကျူးကျော်စစ်သုံးကြိမ်ပြုကာ တစ်နိုင်ငံလုံး ကျွန်ပြုခဲ့သည်။ ကိုလိုနီခေတ်က သွေးခွဲအုပ်ချုပ်နည်းဖြင့် ကျွန်သက်ရှည်အောင် ပြုလုပ်ခဲ့သည်။  ရှမ်းပြည်နယ်ဥပဒေ၊ ရှမ်းပြည်နယ်ကိုပင် တောင်ပိုင်း၊ မြောက်ပိုင်း ခွဲခြားထားသောဥပဒေ၊ ကချင်တောင်တန်း၊ ချင်းတောင်တန်းဥပဒေ၊ ပဒေသရာဇ် စော်ဘွားများဥပဒေ၊ ကျေးရွာဥပဒေ၊ တောင်တန်းပြည်မ ခွဲခြားအုပ်ချုပ်သောဥပဒေ စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ  ခွဲခြားအုပ်ချုပ်ခဲ့သဖြင့်  တိုင်းရင်းသားအချင်းချင်း သူစိမ်းပြင်ပြင်ဖြစ်ရုံသာမက ယုံကြည်မှုများ ပျက်ပြားခဲ့ရသည်။ မျက်မှောက်ကာလ တွင်လည်း သွေးခွဲခဲ့သောဆိုးမွေများကြောင့် စည်းလုံးညီညွတ်မှုပျက်ပြားပြီး ပဋိပက္ခအမျိုးမျိုးဖြင့် အောက်ကျနောက်ကျ ဖြစ်နေရသည်ကို တွေ့ရမည်ဖြစ်သည်။

 

လွတ်လပ်ရေးရရှိသောအခါ ဂိုဏ်းဂဏဝါဒစွဲကြီးသည် ကွန်မြူနစ်ပါတီနှင့် နယ်ချဲ့သွေးခွဲပေးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တစ်ဖွဲ့က ပြည်တွင်းစစ်မီးတောက်လောင်အောင် ပြုလုပ်ခဲ့ရာ တပ်မတော်နှင့်ပြည်သူ လက်တွဲချေမှုန်းခဲ့သောကြောင့်  နယ်စွန်နယ်ဖျားဒေသများသို့  တိမ်းရှောင်ခဲ့ကြပြီး  ၎င်းတို့က အစိုးရဆန့်ကျင်ရေး၊ လူမျိုးစုလွတ်မြောက်ရေး  သွေးထိုးမှုများကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တစ်စတစ်စ ပေါ်ပေါက်လာခဲ့သည်။ နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ စစ်ရေးနည်းဖြင့် ဖြေရှင်းခဲ့ကြပြီး မျက်မှောက်ကာလတိုင်အောင် အဆိုပါအခြေအနေများနှင့် ကြုံတွေ့နေရဆဲဖြစ်သည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံး နေသော်လည်း အာဏာရရှိရေး၊ ကိုယ်ကျိုးစီးပွားအရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။ ပြည်ပနယ်ချဲ့ နိုင်ငံအချို့ကလည်း မျက်ဖြူဆိုက်လေ ဆရာကြိုက်လေကဲ့သို့ ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် လက်နက်ကိုင်လမ်းစဉ်ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သွေးထိုးအားပေးထောက်ပံ့ပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။

 

နိုင်ငံရေးသဘောကွဲလွဲမှု၊  အယူအဆကွဲလွဲမှု၊ လူမျိုးရေးကွဲလွဲမှုတို့ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာသည့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ခေတ်အဆက်ဆက်အစိုးရများက  အမျိုးမျိုးအဖုံဖုံ ကြိုးပမ်းခဲ့ကြသော်လည်း ဘုံအကျိုးစီးပွားကိုရှေးရှုပြီး စည်းလုံးညီညွတ်မှု၊ ယုံကြည်မှုတို့ကို မတည်ဆောက် နိုင်သည့်အပြင် အနောက်နိုင်ငံများ၏ တိုက်ရိုက်စွက်ဖက်မှု၊ သွယ်ဝိုက်စွက်ဖက်မှု၊ သွေးထိုးလှုံ့ဆော် မြှောက်ပင့်ပေးမှုများကြောင့် ပြည်တွင်း၌ စိတ်ဝမ်း ကွဲပြားပြီး ပဋိပက္ခအမျိုးမျိုး ပေါ်ပေါက်နေဆဲဖြစ်သည်။ ဒီမိုကရေစီစနစ်ကို အားလုံးကလိုလားကြသည့်နည်းတူ ဒီမိုကရေစီစနစ်၏ အနှစ်သာရဖြစ်သည့် သဘောထားမတူကွဲပြားသော်လည်း ပြည်ထောင်စုအကျိုးကို စုပေါင်း ဆောင်ရွက်သည့် စည်းလုံးညီညွတ်မှုကို တည်ဆောက်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၅ နှစ်ကျော်လွန်လာပြီဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများ  ဖြစ်ပွားနေရခြင်း အကြောင်းကို  ဆန်းစစ်ကြည့်လျှင် အတ္တ၊ မာန၊ အယူအဆစွဲများမှဖြစ်ပေါ်လာသည့် ညီညွတ်မှုပျက်ပြားခြင်းကို အကြောင်းပြု၍ ပေါ်ပေါက်လာခြင်းဖြစ်ရာ တိုင်းရင်းသားပြည်သူအချင်းချင်း မတူကွဲပြားသော်လည်း  မိမိတို့ထာဝစဉ် မှီတင်းနေထိုင်ခဲ့သည့် ပြည်ထောင်စုကြီး အေးချမ်းသာယာဝပြောအောင်  စည်းလုံးညီညွတ်မှုဖြင့် တည်ဆောက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။

 

ကြေးမုံ