၁၁ ဖေဖော်ဝါရီ
ကမ္ဘာပေါ်ရှိ နိုင်ငံများအချင်းချင်း ပေါင်းသင်းဆက်ဆံကြရာတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ဘက်မလိုက်ရေး စသည့် ဆိုင်ရာဆိုင်ရာ မိတ်ဖက်နိုင်ငံများအလိုက် သတ်မှတ်ထားသည့် အခြေခံမူများနှင့်အညီ ကျင့်သုံးဆက်ဆံကြသည်။ သို့ရာတွင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေး မတည်ငြိမ်မှု၊ စည်းလုံးညီညွတ်မှု ယိုင်နဲ့ပြီး ပြည်တွင်းရေးပြဿနာများ၊ လက်နက်ကိုင် ပဋိပက္ခများ၊ အချုပ်အခြာအာဏာ ထိပါးစော်ကားမှုများ၊ ပြည်ပကျူးကျော်မှုများ ဖြစ်လာပါက နိုင်ငံအချင်းချင်း ဆက်ဆံမှုတွင် အခက်အခဲရှိနိုင်သည်။
နိုင်ငံအချင်းချင်း ဆက်ဆံကြရာ၌ ရိုးရှင်းသောမိတ်ဆွေများ အနေဖြင့် ထိုနိုင်ငံ၏အရေးအပေါ် စာနာထောက်ထားခြင်း၊ အခွင့်သာလျှင် ကူညီခြင်းတို့ ဆောင်ရွက်ပေးတတ်သည်။ သို့သော် ကိုယ့်ဝမ်းနာ ကိုယ်သာသိ၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ဆိုသကဲ့သို့ မိမိတို့၏ပြည်တွင်းရေးကို မိမိတို့ ကိုယ်တိုင်သာ ဖန်တီးဖြေရှင်းကြရသည်။ မိမိတို့၏ ပြည်တွင်းရေးကို ဖြေရှင်းကြရာ၌ ပြည်တွင်းစည်းလုံးမှုသည် အဓိကကျသလို အောင်ရာ အောင်ကြောင်း ဆောင်ရွက်နိုင်သည့် သမိုင်းအစဉ်အလာလည်း ရှိခဲ့သည်။
ပြည်တွင်း မငြိမ်သက်မှု၊ စည်းလုံးညီညွတ်ရေး ပျက်ပြားမှုတို့ကြောင့် လက်နက်စွဲကိုင် တိုက်ခိုက်ကြပြီး ပြိုကွဲပျက်စီးကြေမွနေသော နိုင်ငံအချို့ကို မျက်မှောက်ကာလတွင် မြင်တွေ့နိုင်သည်။ ထိုအခါ သူ့လူ၊ ငါ့ဘက် ဝင်ရောက်ကျူးကျော် တိုက်ခိုက်မှုများ ပါလာသည်။ ကမ္ဘာ့နိုင်ငံများ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးတို့ ပျောက်ကွယ်သွားသည်။ မြေစာပင်များမှာ အပြစ်မဲ့ပြည်သူများဖြစ်သည်။ ပြည်သူများ သေဆုံးဒဏ်ရာရကြသည်။ စစ်ဘေးဒုက္ခသည်များ ဖြစ်ကြရသည်။ ထိုကဲ့သို့သော ဖြစ်ရပ်များကို ဆီးရီးယား၊ အီရတ်၊ အာဖဂန်နစ္စတန်နိုင်ငံများတွင် မြင်တွေ့နိုင်သည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစုများ စုပေါင်းနေထိုင်သော ပြည်ထောင်စုနိုင်ငံဖြစ်သည်။ လူမျိုးများအားလုံး၏ အခြေတည်စ မူရင်းဒေသမှာ အာရှတိုက်အလယ်ပိုင်း ဖြစ်သည်။ ကမ္ဘာကြီးဖြစ်တည်စက ရေထုကြီး ဖုံးလွှမ်းလျက်ရှိရာ ကမ္ဘာ့အမြင့်ဆုံး အာရှကုန်းပြင်မြင့်တွင် လူသားများ စတင်ဖြစ်တည်လာပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် သင့်ရာ အရပ်များသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။ ထိုလူမျိုးများတွင် မူလဘူတ ပထဝီဝင်အနေအထားအရ အသွေးအရောင်ဓလေ့စရိုက်များ ကွဲပြား ခြားနားကြသော်လည်း မြန်မာပြည်အတွင်း ရှေးနှစ်ပေါင်းထောင်ချီ ကတည်းက အေးအတူပူအမျှ အတူတကွနေထိုင်လာခဲ့ကြသည်။
မြန်မာပြည်အတွင်းမှ တိုင်းရင်းသားလူမျိုးများ အတူတကွနေထိုင်လာ ခဲ့ကြရာတွင် မိသားစုအတွင်း ညီအစ်ကိုမောင်နှမအချင်းချင်း တစ်ခါတစ်ရံ အခန့်မသင့်၍ ခိုက်ရန်ဖြစ်ပွားလျှင်လည်း အချိန်ကာလတစ်ခုမျှသာ ကြာမြင့်တတ်ပြီး ပြန်လည်သင့်မြတ်ကြသကဲ့သို့ လုံးဝပြိုကွဲပျက်စီးသွားခြင်း မရှိချေ။ ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် တိုင်းတစ်ပါးမှ ဝင်ရောက်ကျူးကျော်သည့် စစ်ပွဲကာလများမှလွဲ၍ ပြိုကွဲပျက်စီးခြင်းမရှိဘဲ နှစ်ပေါင်းထောင်ချီ တည်တံ့ခိုင်မြဲနေခြင်းဖြစ်သည်။
တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုကြောင့် လွတ်လပ်သော မြန်မာနိုင်ငံတော်အဖြစ် ဖြစ်တည်နေပြီး တိုင်းရင်းသားပြည်သူအားလုံး လိုလားသည့် ဒီမိုကရေစီနိုင်ငံတော်အဖြစ်သို့ပင် တက်လှမ်းနေပြီဖြစ်သည်။
တိုင်းရင်းသားများ အတူတကွနေထိုင်ခြင်း၊ ရင်းရင်းနှီးနှီးဆက်ဆံခြင်း၊ တစ်ဦးအပေါ်တစ်ဦး နားလည်ခြင်းတို့သည် စည်းလုံးညီညွတ်ခြင်းပင်ဖြစ်သည်။ သွေးကွဲခြင်းဖြင့် ရပ်တည်နေထိုင်ရသော နယ်ချဲ့တို့၏ လုပ်နည်းကိုင်နည်းအတိုင်း လုပ်ကိုင်သွားမည်ဆိုလျှင် ငြိမ်းချမ်းရေးကို မတည် ဆောက်နိုင်ဘဲ တိုင်းပြည်ယိုယွင်းယိုင်နဲ့ပြီး တိုင်းတစ်ပါးမှ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ စွက်ဖက်ချယ်လှယ်မှုများနှင့် ကြုံတွေ့နိုင်သည်။
ပြည်တွင်းငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ခြင်းသည် တိုင်းပြည် ယိုယွင်းပျက်စီးခြင်းကို ဖြစ်စေနိုင်ပြီး နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကိုပါ ထိခိုက်နိုင်သည်ကို ပြည်တွင်း စည်းလုံးညီညွတ်မှု ပျက်ပြားသွားသော အရှေ့အလယ်ပိုင်းနိုင်ငံများ၊ အာဖရိကနိုင်ငံများ၏ အနိဋ္ဌာရုံဖြစ်ရပ်များက သင်ခန်းစာ ပေးနေပေသည်။ ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း လက်ရှိ ဖြစ်ပေါ်နေသော ကွဲပြားမှုများအား ဆင်ခြင်သတိထား၍ ပြည်တွင်း စည်းလုံးရေးအင်အားကို အခိုင်အမာ တည်ဆောက်ကြရန် တိုက်တွန်းအပ်ပါသည်။ ။
ကြေးမုံ (အယ်ဒီတာ့အာဘော်)