နေပြည်တော် ၈ မေ

နောက်ဖေးလမ်းကြားများတွင် ပရဟိတလူငယ်လေးများ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးဖြင့် သန့်ရှင်းရေး လုပ်နေကြသည့် သတင်းနှင့် ဓာတ်ပုံများကို တွေ့မြင်ရသည့်အခါ လူငယ်တို့၏ မွန်မြတ်သော စေတနာ၊ အများအကျိုးအတွက်ဆိုလျှင် အပင်ပန်းခံ အပေအတေ အညစ်အနွမ်းခံကာ ကြိုးပမ်းအားထုတ်လိုသော စိတ်ဓာတ်တို့ကို များစွာလည်း ကြည်ညို လေးစားမိပါသည်။

လူငယ်တို့၏ ဇွဲ၊ လုံ့လနှင့် စည်းလုံးညီညွတ်မှုတို့ကြောင့် မကြာလှသော အချိန်ပိုင်းအတွင်းမှာ မြင်ဝံ့စရာမရှိလောက်အောင် ညစ်ပတ်ဆိုးရွားနေသည့် နောက်ဖေးလမ်းကြားတို့ သန့်စင်ပြောင်ရှင်းသွားပေသည်။ နောက်ဖေးလမ်းကြားတို့ ရုတ်ခြည်းဆိုသလို နေချင့်စဖွယ်၊ ရှုချင့်စဖွယ် ဖြစ်သွားပေသည်။

သို့သော်

မူလကတည်းက မည်သည့်အတွက်ကြောင့် နောက်ဖေးလမ်းကြားတို့ ဤမျှလောက် ဆိုးဆိုးရွားရွား ညစ်ပတ်နေရသည်လဲ ဆိုသည်ကိုမူ ဆန်းစစ်သင့်လှသည်။ နောက်ဖေးလမ်းကြားများဆိုသည်မှာ အမှိုက်ပုံစရာ အမှိုက်ချစရာ နေရာမဟုတ်။ စည်ပင်သာယာ၏ မည်သည့်ဥပဒေတို့ကမှ ခွင့်ပြုထားခြင်းမရှိ။ မည်သည့်စည်းမျဉ်းတို့ကမှလည်း ခွင့်ပြုမထား။ မည်သို့သော မြို့ ပြလူမှုကျင့်ဝတ်တို့နှင့်မှလည်း မကိုက်ညီ။

သည်မျှလောက် ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ ကျင့်ဝတ်တို့နှင့် မညီလွန်းလှသည့် အမှိုက်ပုံနှင့် အညစ်အကြေး ပုံကြီးတို့က မည်သို့သော အကြောင်းများကြောင့် ယခုလို နေရာအနှံ့အပြားမှာ ရှိနေရသနည်းဆိုသည့် ရင်းမြစ်နှင့် အချက်အချာကို ကိုင်တွယ်ဖြေရှင်းမှု မပြုဘဲ ပရဟိတလူငယ်တို့ လာရှင်းလျှင် သန့်သွား၊ သူတို့ရှင်းပြီး ရက်အတန်ငယ်ကြာလျှင် ပြန်ညစ်ပတ်လာဆိုသည့် သံသရာလည်နေပြီဆိုလျှင်တော့ အုပ်ချုပ်ရေးစနစ်၏ အမှားအယွင်းဖြစ်လာတော့မည်။

ဒီမိုကရေစီစနစ် ပီပီသသ ခိုင်ခိုင်မာမာဖြစ်ဖို့ဆိုပါက ဒီမိုကရေစီ ကျင့်စဉ်တို့ကို ထူထောင်နိုင်ဖို့လိုသည်။ ပြည်သူလူထုတို့ လိုက်နာကျင့်ကြံနိုင်ဖို့ ပညာပေးစည်းရုံးခြင်း၊ မြို့ကြီးသားကျင့်ဝတ်တို့ကို လိုက်နာနိုင်ရန် နှိုးဆော်ခြင်း၊ အကူအညီ အထောက်အပံ့များပေးခြင်း၊ တိကျသောဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ပေးခြင်း၊ သတ်မှတ်ထားသော ဥပဒေကို စိုးမိုးအောင် ကိုင်တွယ်ခြင်း စသည်ဖြင့် စနစ်တကျ ဆောင်ရွက်ရန် လိုမည်ဟု ယူဆပါသည်။

စည်းကမ်းမဲ့သူတို့၏ အပြစ်များကို လူငယ်အင်အားတို့ဖြင့် ဆေးကြောသန့်စင်ရေးဟူသည် တာဝန်သိလူငယ်တို့၏ ရာသက်ပန် တာဝန်ဟု ယူဆနေဖို့မသင့်ပြီ။

ပြည်သူ့ရေးရာ ပြဿနာများဆိုသည်က ဆန်စဉ်ရာ ကျည်ပွေ့လိုက် ဖြေရှင်းရမှာ မဟုတ်ဘဲ အရင်းအမြစ်ကျကျကို သိနားလည်အောင် လုပ်ရမည် ဖြစ်ပါသည်။

အမှန်တော့ ယခု အမှိုက်ပြဿနာသည် မြို့ ပြစည်ပင်သာယာရေးတွင် ပြဿနာများစွာထဲက တစ်ခုသာ ဖြစ်ချေ၏။ ဖြေရှင်းရမည်များက ဒုနှင့်ဒေး။ လမ်းများပိတ်ဆို့နေမှု၊ အရေးပေါ်အခြေအနေတွင်သော်မှ သွားလာရောက်ရှိဖို့ မဖြစ်နိုင်လောက်သည့် အိမ်ရာများနှင့် လမ်းပေါ်ရပ် ယာဉ်များ၊ လမ်းများပေါ်သို့ လူသွားလမ်း မရှိတော့သည်အထိ နေရာယူ ပြည့်ကျပ်နေသော လမ်းဘေးဈေးသည်များ၊ ပိတ်ဆို့နေသည့် ရေမြောင်းများ၊ ပလတ်စတစ်သုံးစွဲမှု၊ ရေရရှိရေး၊ အိမ်ခြေမဲ့များနှင့် ကျူးကျော် အိမ်ရာများ၊ အကြမ်းဖက်မှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ အလွဲသုံးမှု၊ ရာဇဝတ်မှုများ ထူပြောလာခြင်း စသည် စသည်တို့က စိန်ခေါ်မှုများဖြစ်နေသည်။

ယင်းတို့အတွက် တစ်စုံတစ်ယောက်ကို အပြစ်ရှာဖွေနေဖို့ မဟုတ်။ လက်တွေ့ကျကျ မည်သို့မည်ပုံ ဖြေရှင်းမည်လဲဆိုသည်ကို ပေါ်လစီချမှတ်၊ တိတိကျကျ လုပ်ဆောင်ရမည့် အခြေအနေဖြစ်သည်။ အခြားသော ရွေးချယ်စရာလည်း များများစားစား ရှိနေမည် မဟုတ်တော့ဟု ထင်မြင် ပါသည်။

အထူးသဖြင့်တော့ ဥပဒေစိုးမိုးရေး။

ဥပဒေစိုးမိုးရေးသည် မြို့တစ်မြို့၊ နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးဆုံး ဖြစ်သည်ဆိုတာကို ဒီမိုကရေစီအင်အားစုတို့ လွန်ခဲ့သော နှစ်ပေါင်းများစွာ ကာလကတည်းက ပြည်သူလူထုကို တင်ပြခဲ့ပြီး ဖြစ်သည်။

ဥပဒေ၊ နည်းဥပဒေများအတိုင်းဖြစ်အောင် ကြပ်မတ်တည်ဆောက်ရေး၊ စည်းမျဉ်း စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်း မှန်မှန်ကန်ကန်ဖြစ်ရေး၊ ချမှတ်ထားသော စနစ်များအတိုင်း အကောင်အထည်ဖော်နိုင်ရေး စသည်တို့ကို ကြိုးစားခဲ့ကြသည်။

ဒီမိုကရေစီ အစိုးရမဖြစ်ခင်ကာလက စတင်ကာ ဥပဒေစိုးမိုးရေး ဆိုသည်ကို ကြွေးကြော်အားထုတ်ခဲ့ကြသည်။ ယနေ့ကာလတွင် ဥပဒေစိုးမိုးရေး ပန်းတိုင်တစ်ဆင့်ကို သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းရင်း မရမက လျှောက်လှမ်းကြတော့မည်ဟု ယုံကြည်မျှော်လင့်နေကြပြီ ဖြစ်ပါကြောင်း။

မြန်မာ့အလင်း