နေပြည်တော် ၃၁  မေ

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) (၁၆)ခုကို အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ခဲ့ရာ နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။

 

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့သည် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် JEK ပညာဒါနနှင့် ပူးပေါင်းပြီး ဂျပန်၊ အင်္ဂလိပ်၊ ကိုးရီးယား နိုင်ငံခြားဘာသာစကား သင်တန်း၊ Youth Club နှင့် ပူးပေါင်း၍ အခြေခံကွန်ပျူတာသင်တန်း၊ လူမှုဝန်ထမ်း ဉီးစီးဌာနနှင့် ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း စသည့်သင်တန်းတို့ကို အခမဲ့ ဖွင့်လှစ်ပေးခဲ့သည်။ ထို့အတူ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့်လည်း နယ်လှည့်စာကြည့်တိုက်ကို ကျောင်းများ၊ ရပ်ကွက်နှင့် ကျေးရွာများသို့ ဝန်ဆောင်မှုပေးလျက်ရှိသည်။

 

ယခု ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ရပ်ကွက်နှင့် ကျေးရွာများသို့ ကိုဗစ်-၁၉  ရောဂါအသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်း၊ သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ဝေသည့် Covid-19 ရောဂါအသိပညာပေး ပိုစတာများ၊ ဗီနိုင်းများ ပြသခြင်း၊ လက်ကမ်းစာ စောင် ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ မေ ၃၀ ရက်က နေပြည်တော်စည်ပင် ဧည့်ရိပ်သာ(၂)တွင်ရောက်ရှိတည်းခိုနေသည့် လွှတ်တော်ကိုယ်စားလှယ်များကို ကိုဗစ်-၁၉ ရောဂါအသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် နယ်လှည့် စာကြည့်တိုက် ဝန်ဆောင်မှု စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်းတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အခမဲ့ သင်တန်းများကို လည်းကောင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို လည်းကောင်း New Normal ပုံစံအသစ်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဝန်ဆောင်မှုပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရွှေရွှေမြင့်(နေပြည်တော်ပြန်/ဆက်)