မကွေး ၁၃ အောက်တိုဘာ

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် စတင်ချိန်မှစ၍ မကွေးတိုင်းဒေသကြီးအတွင်း စည်ပင်ခွန်ကောက်ခံခြင်းနှင့် စီမံခန့်ခွဲခြင်း လုပ်ငန်းများအား နည်းပညာအကူအညီများ သုံးစွဲသွားမည်ဖြစ်ပြီး  Asia Foundation နှင့် Koe Koe Tech နည်းပညာ အဖွဲ့ တို့မှထောက်ပံ့သည့် မြန်ခွန်ဆော့ဝဲလ်(Myankhon Software Magway)ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြေစာဖြတ်ပိုင်းများတွင် သမရိုးကျလက်ရေးများဖြင့်ရေးသွင်းခြင်း၊ လစဉ်အဖန်တလဲလဲ လက်ခံငယ်စာရင်း စီစစ်ရခြင်း များနေရာတွင် အခွန်ကောက်ဝန်ထမ်းများ၊ ကြီးကြပ်ကွပ်ကဲရသူများက မြန်ခွန်ဆော့ဝဲလ်ဖြင့် လျှင်မြန်တိကျစွာ ဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေခြင်းဖြစ်သည့်အပြင် အခွန်ထမ်းပြည်သူများအနေဖြင့် မိုဘိုင်းဖုန်းမှတစ်ဆင့် အခွန်အခများ ပေးဆောင်နိုင်သည့်အဆင့်ထိ မျှော်မှန်းလုပ်ဆောင်နေခြင်းဖြစ်သည်ဟု မကွေးတိုင်းစည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူး ဦးထင်အောင်က ဆိုသည်။

 

“ပြီးခဲ့တဲ့သြဂုတ်လထဲမှာ မြန်ခွန်ဆော့ဝဲလ်သုံးဖို့နဲ့ပတ်သက်ပြီးအလုပ်ရုံဆွေးနွေးပွဲလုပ်ခဲ့ပါတယ်။ ယခု အောက်တိုဘာလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့များမှာ အခွန်ဘဏ္ဍာကောက်ခံခြင်းနဲ့ စီမံခန့်ခွဲခြင်းဆိုင်ရာ သင်တန်းတစ်ခုကို နည်းပညာအဖွဲ့နဲ့ အာရှ ဖောင်ဒေးရှင်းက စီစဉ်ပေးခဲ့ပါတယ်။ လုပ်ငန်းလိုင်စင်၊ ပစ္စည်းခွန်၊ အိမ်ခွန်၊ ဘေးအန္တရာယ်ခွန်၊ ရေခွန်၊ ဆိုင်ခန်းခ စတဲ့ အခွန်အခတွေအတွက် ကွန်ပျူတာအချက်အလက်ထည့်သွင်းပြီး ကောက်ခံသွားမှာပါ” ဟု သင်တန်းသားတစ်ဦးဖြစ်သူ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမြင့်မြတ် က ပြောသည်။

 

အခွန်ကောက်ယူသည့် လုပ်ငန်းစဉ်အဆင့်ဆင့်အတွက် ရေးဆွဲထားသည့် Network based Application နှင့် Android mobile Application များ၊ အမှုဆောင်အရာရှိ၊ ဒုဦးစီးမှူးအခွန်နှင့် အခွန်ကောက် ဝန်ထမ်းများတို့ လုပ်ဆောင်ရမည့်အချက်များကို မကွေးတိုင်းအတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ အခွန်တာဝန်ရှိသူ(၉၇)ဦးအား ပထမ အကြိမ်သင်တန်း ပို့ချနိုင်ခဲ့သည်ဟု သင်တန်းဆရာတစ်ဦးက ပြောဆိုသည်။

 

မြန်ခွန် Application သုံးစွဲ၍ အခွန်ကောက်ခံလာပါက ကွန်ပျူတာပြေစာဖြစ်လာ၍ စစ်ဆေးရန်လွယ်ကူကာ ဝန်ထမ်းများ အဂတိကင်းရှင်းမှုအပေါ် ပြည်သူယုံကြည်မှုတိုးတက်လာမည်ဖြစ်ကြောင်း၊ အခွန်ကောက်ရန်ကျန်ခြင်း၊ လွတ်ခြင်းမရှိတော့သည့်အပြင် အခွန်ထမ်းအသစ်များကို မှတ်တမ်းတင်နိုင်ကာ အခွန်မှန်ကန်မှုနှင့် အခွန်ဝင်ငွေတိုးတက်မှုများရှိလာမည် ဖြစ်ကြောင်း မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရှိရသည်။

 

ဇေယျတု(မကွေး)