mdn

နေပြည်တော် ၃၁ မတ်

 

သည်နေ့ ရန်ကုန်မြို့၏ စည်ပင်သာယာရွေးကောက်ပွဲများ မဲပေးရမည် ဖြစ်၏။ ရန်ကုန်မြို့သူ မြို့သားများအတွက် အရေးပါသော ရွေးချယ်ပွဲ တစ်ခု ဖြစ်ပါသည်။ ရန်ကုန်မြို့ စည်ပင်သာယာသည် မြို့သူ မြို့သားများ အကြားတွင် နာမည်ကောင်းမရ ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ခေတ်အဆက်ဆက် မြို့တော်ဝန်အသီးသီး၏ လက်အောက်တွင် မြို့တွင်းလမ်းမများသည်ပင် ချိုင့်ခွက်ကင်းအောင် တစ်ရံတစ်ဆစ်မျှ မပြင်ဆင်နိုင်ခဲ့ဘူးဟု ဆိုလျှင်မမှားပါ။ သည်လိုအနေအထားမှာ ယနေ့ ပြည်သူ့အစိုးရလက်ထက်ရောက်မှ အတော်အသင့် ပြုပြင်ပြောင်းလဲမှုများ စတင်တွေ့ မြင်လာကြသည်ကို ဝန်ခံရပါမည်။

 

ယင်းအပြောင်းအလဲများဆိုသည်ပင် မြို့လူထုအတွက် မလုံလောက် သေးဘူးဆိုသည်ကို ပြည်သူ့ဝေဖန်မှု အသံများကို နားထောင်လျှင် သိနိုင်ပါသည်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာ၏ အခြေခံပြဿနာများစွာထဲက တစ်ခုမှာ ပြည်သူလူထုရွေးချယ်သည့် ပြည်သူ့ကိုယ်စားလှယ်များ လိုအပ် နေခြင်းဖြစ်ပါသည်။

 

ယနေ့ ထိုပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်ခွင့်စတင်ရရှိလာပြီ။ စတင်ပြောင်းလဲခြင်းဖြစ်သည့်အတွက် ပြည်သူလူထုမျှော်မှန်းသည့် ထိပ်တန်းပြုပြင်မှုများ ရုတ်ချည်းပေါ်ပေါက်လာဖို့ မလွယ်လှသော်လည်း အစ ကောင်းတစ်ရပ် ပေါ်ပေါက်နိုင်ရေးအတွက် ပြည်သူလူထုကအားကိုးရမည့် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်ပေးကြရန် လိုသည်ကား အမှန်ပင်ဖြစ်ပါ၏။

 

ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်ခွင့်၊ မိမိ ရွေးချယ်ထားသူများကို မိမိ၏ သဘောဆန္ဒအတိုင်း ဖြစ် မဖြစ် ဝေဖန်ထောက်ပြနိုင်ခြင်းဆိုသည်က ဒီမိုကရေစီ အလေ့အကျင့်ဖြစ်ပါသည်။

 

မြန်မာပြည်သူလူထုသည် ၁၉၆၂ တော်လှန်ရေးကောင်စီက အာဏာသိမ်းလိုက်ချိန်ကစပြီး ဒီမိုကရေစီနှင့် ဝေးကွာခဲ့ရ၏။ ဒီမိုကရေစီ တဖြည်းဖြည်းချင်း ဆိတ်သုဉ်းသွားခဲ့ရသည့် ရလဒ်အဖြစ် နိုင်ငံတိုးတက်ဖွံ့ ဖြိုးမှု ရပ်တန့်သွားခဲ့၏။

 

ဒီမိုကရေစီ ညှိုးချုံးလာသည့်အခါ အထက်အောက် ဝေဖန်ပြောဆိုခြင်း၊ တည့်မတ်ထောက်ပြခြင်း အလေ့အထတို့ တစ်စ တစ်စ ပျောက်ကွယ် သွားခဲ့ရသည်။ အာဏာရှင်တစ်ဦး၏ လမ်းòန်မှုနှင့် အဆုံး အဖြတ်အောက်တွင် မှားမှားမှန်မှန် လျှောက်ပေရော့၊ ပြေးပေရော့ ဆိုသည့်အခါ ကြာလေ အမှန်ဆိုသည်နှင့် ကင်းဝေးလာလေ ဖြစ်တော့သည်။ အမှားတွင်းထဲသို့ ဆင်းရင်း မှားပြီးရင်းမှားရင်း ဖြစ်လာခဲ့ရာမှသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစသည့် နယ်ပယ်အားလုံးလိုလိုတွင် တိုးတက်မှု တုံ့ဆိုင်းသွားခဲ့ရ၏။ နိုင်ငံတကာရင်ပြင်တွင် အောက်တန်းနောက်တန်းသို့ ရောက်သွားခဲ့ရ၏။ ရှေ့တန်းက ပြေးနေခဲ့သော မြန်မာ့ပညာရေးစနစ်မှာ နောက်တန်းသို့ ရောက်သွားခဲ့ရ၏။ အာရှနိုင်ငံများကြားမှာ ရင်ပေါင်တန်း ခဲ့ရုံမက ထိပ်တန်းမှာနေခဲ့သည့် အားကစားကဏ္ဍကအစ ကြုံလှီသွားခဲ့ရ၏။

 

ဤသည်တို့က ထင်ရှားမြင်သာသော ဥပမာအနည်းငယ်မျှကို အမှန် အတိုင်း ရှုမြင်သုံးသပ်ကြည့်ခြင်းမျှသာ။ ထိုအတိတ်ကာလများက လက်တွေ့ဘဝများကိုကြည့်လျှင် များပြားလှသော အမှားအယွင်းများ၊ ဆုံးရှုံးမှုများ၊ အရာရာ ဘိတ်ဆုံးဖြစ်ခဲ့ရမှုများကို မလွဲမသွေ တွေ့ရမည် ဖြစ်ပါ၏။

 

ယနေ့ ဒီမိုကရေစီအပြောင်းအလဲများ စတင်လာနေပြီ။ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်လာကာ လျှောက်လှမ်းနေကြပြီ။ ဒီမိုကရေစီ အုတ်မြစ်ခိုင်မာရေး ဆက်လက်တိုးတက်ဖွံ့ ဖြိုးရေးတို့အတွက် အားစိုက် ရုန်းကန်ကြရပေဦးမည်။

 

ဒီမိုကရေစီသည် စနစ်နှင့် အလေ့အကျင့်ဖြစ်၏။ ပြည်သူလူထု အင်အားဖြင့် ဒီမိုကရေစီအလေ့အကျင့်ကို အသားကျအောင် ဆောင်ရွက်ကြရန်လိုပါမည်။ ဒီမိုကရေစီအလေ့အကျင့်ကို ခိုင်မာအောင် ဆောင်ရွက် ခြင်းက ဒီမိုကရေစီအုတ်မြစ်ကို ခိုင်မာအောင်လုပ်ခြင်းဖြစ်၏။

 

ဒီမိုကရေစီအလေ့အကျင့်များစွာထဲက အရေးပါသော အားသာသော ကျင့်စဉ်တစ်ခုမှာ ပြည်သူ့ ကိုယ်စားလှယ်များ ရွေးချယ်ခွင့် ဖြစ်ပါသည်။ ရန်ကုန်မြို့တော် အမှန်တကယ် စည်ပင်သာယာရေးနှင့် မြို့သူမြို့သားများ၏ အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သူများကို တာဝန် ပေးအပ် နိုင်ရေးသာမက ဒီမိုကရေစီ အုတ်မြစ်ခိုင်မာရေးကို တစ်ဖက် တစ်လမ်းက ဝိုင်းဝန်းထောက်ပံ့ပေးသည့် စိတ်ဓာတ်ဖြင့် မဲရုံများဆီသို့ မပျက်မကွက်သွားရောက် မဲပေးကြပါရန် တိုက်တွန်းနှိုးဆော်ရပါကြောင်း . . . ။

 

မြန်မာ့အလင်း