ရန်ကုန် ၁၅ ဧပြီ 
    

 

ရန်ကုန်မြို့ မြစ်တစ်ဖက်ကမ်းတည်ရှိ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ခရေလမ်းရှိ ChuChu workshop ဆိုင်၌ စွန့်ပစ်အမှိုက်များကို ပြန်လည်သန့်စင်ပြီး လက်မှုပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိရာ  နိုင်ငံခြားသား ခရီးသွားဧည့်သည်များ စိတ်ဝင်စားလျက်ရှိပြီး လာရောက်လေ့လာ ဝယ်ယူမှုများရှိကြောင်း Recycle လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြု လုပ်ကိုင်နေသည့် ပိုင်ရှင် ချင်းတိုင်းရင်းသူ ဒေါ်ဝမ်ဒီက ပြောသည်။ 

 

a

 

Recycle လုပ်ငန်းနဲ့ ပတ်သက်၍ စွန့်ပစ်ပစ္စည်းများဖြင့် လက်မှုပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်း စတင်တည်ထောင်ဖြစ်ပုံနှင့် ပတ်သက်၍ “ဒီလုပ်ငန်းစတာ ၂၀၁၄ ခုနှစ် မေလက စတင်ခဲ့တာ ခုဆို ၅ နှစ် ပြည့်တော့မယ်၊ စစတုန်းက နှစ်ယောက်၊ သုံးယောက်နဲ့ပေါ့၊ ခုနောက်ပိုင်းကျတော့ တစ်ဖြည်းဖြည်းနဲ့ များလာတယ်၊ အယောက်(၅၀) လောက်ရှိတယ်၊ Training လိုက်ပေးတယ်၊ ဒီကိုလာပြီး သင်တဲ့သူတွေရှိပါတယ်၊ ရှမ်းပြည်၊ ကချင်၊ ကယား၊ ချင်းပြည်နယ် နေရာအနှံမှာရှိတဲ့ သူတွေများတယ်၊ လူတွေနေ့စဉ် စွန့်ပစ်နေတဲ့ လမ်းဘေးမှာ ကျနေတဲ့ ကြွပ်ကြွပ်အိတ်ကနေပြီးတော့ စသုံးဖြစ်ခဲ့တာပါ၊ ပလတ်စတစ်က ကော်ဖီအိတ်ခွံ၊ ဘိလပ်မြေအိတ်ခွံ၊ ကားတာယာ၊ ကားကြွပ်၊ စက်ဘီးတာယာ၊ စက်ဘီးကြွပ်၊ ထီးစုပ်၊ ဂုန်နီအိတ်၊ တာယာတွေကို လက်ဆွဲအိတ်၊ လက်ကိုင်အိတ်၊ ခရီးဆောင်အိတ် အမျိုးမျိုးနဲ့ ဖိနပ်ပြန်လုပ်တာတို့ တစ်ခြား အမျိုးအစားတွေ အများကြီးပါတယ်၊ ကုန်ကြမ်းအမျိုးအစား များသလို ကိုယ့်ရဲ့ ထုတ်လုပ်တဲ့ ပစ္စည်းလည်းများပါတယ်” ဟု ပြောပြသည်။

 

ss

 

စွန့်ပစ်အမှိုက်များကို Recycle ပြန်လည်သန့်စင်ပြီး လက်မှုပစ္စည်းမျိုးစုံ ထုတ်လုပ်တဲ့အပိုင်းတွင် ကုန်ကြမ်းမတူညီသလို  ကုန်ကြမ်းတစ်ခုကနေထွက်တဲ့ အမျိုးအစားမတူညီကြလို့ ပစ္စည်းအမျိုးအစားပေါင်း (၆၀)လောက် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။ နိုင်ငံခြားမှ အင်တာနက်ကနေကြည့်ပြီး လှမ်းမှာတာတွေရှိပြီး ပြည်တွင်းမှာ ဝယ်ယူသုံးစွဲမှု နည်းပါးကြောင်း၊ နိုင်ငံခြားသားခရီးသွား ဧည့်သည်အများဆုံး လည်ပတ်ပြီး လေ့လာဝယ်ယူကြတာများကြောင်း၊ ၅ နှစ်တာကာလအတွင်း တော်တော်များများ စိတ်ဝင်စားလာမှုရှိပြီး ဝယ်ယူသုံးစွဲမှုရှိကြောင်း သိရသည်။ 

 

dd

 

“ကိုယ့်အနီးပတ်ဝန်းကျင်မှာ စွန့်ပစ်အမှိုက်တွေ စွန့်ပစ်ထားတာတွေရှိတယ်၊ အတက်နိုင်ဆုံး အမှိုက်တွေကို လမ်းပေါ်မှာ မချဘဲ စုပေးစေခြင်းပါတယ်၊ အမှိုက်ကန်ထဲ၊ အမှိုက်ပုံးပဲဖြစ်ဖြစ်ပေါ့၊ ဒီလုပ်ငန်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပေးတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် တစ်ဦးချင်းစီကနေ ပါဝင်ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်” ဟု ဆက်လက်၍ ပြောပြသည်။ 

 


သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)

 

d