ရန်ကုန် ဇန်နဝါရီ ၉

 

ပြည်တွင်းမှရရှိသည့် စွန့်ပစ်ပစ္စည်းများမှ တန်ဘိုးမြှင့်လူသုံးကုန်ပစ္စည်းများထုတ်လုပ်၍ ပြည်တွင်းနှင့် ပြည်ပသို့ဖြန့်ချီတင်ပို့ရာ၌ စက်မှုပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာကို ပံ့ပိုးပေးနိုင်ပါက ခိုင်မာသောဈေးကွက်တစ်ခု ၏ထုတ်ကုန်တစ်ခုအဖြစ် ရပ်တည်လာနိုင်မည်ဖြစ်ကြောင်း ငှက်ပျောလျှော်မှ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

 

နိုင်ငံတော်က အသေးစား၊ အငယ်စားနှင့်အလတ်စား MSME လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး MSME လုပ်ငန်းရှင်များအနေဖြင့် ဒေသအလိုက် ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်သို့ဖြန့်ချိ၍ ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်တင်ပို့လျက်ရှိသည်။ ဓာတုပစ္စည်းကင်းလွတ်သော စွန့်ပစ်ပစ္စည်းများမှ လူသုံးကုန်ပစ္စည်းများထုတ်လုပ်သည့် နာနတ်လျှော်၊ ချဉ်ပေါင်လျှော်၊ ကြာပင်လျှော်နှင့် ငှက်ပျော်လျှော်တို့မှ တန်ဘိုးမြှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် စက်ပစ္စည်းနှင့် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များရှိနေသေးကြောင်း သိရသည်။ 

 

“ပြည်တွင်းမှာ ကုန်ကြမ်းပစ္စည်းပေါများတဲ့အတွက် စွန့်ပစ်ပစ္စည်းကနေ လျှော်ထုတ်ပြီး အဝတ်အထည်ထုတ်လုပ်ရာမှာ စက်ပစ္စည်းနဲ့နည်းပညာလိုနေပါတယ်။ ပြည်ပနိုင်ငံတွေက မြန်မာ့ငှက်ပျောလျှော်ကထုတ်တဲ့ အဝတ်အထည်နဲ့ ပုဝါကို ကြိုက်ကြတယ်။ မှာသလောက်မပို့နိုင်ဘူး။ ကျွန်တော်တို့မှာ လိုသလောက်ထုတ်နိုင်တဲ့ စက်မရှိသေးဘူး။ အိန္ဒိယနဲ့ဖိလစ်ပိုင်မှာတော့ စက်ပစ္စည်းပြည့်စုံတယ်။ ချည်ကိုကျစ်ဖို့အတွက် စက်လိုတာပါ။ မြန်မာ့ထုတ်ကုန်တွေကို နိုင်ငံခြားသားတွေ ကြိုက်ကြတယ်။ ပြင်သစ်သံရုံးကဆိုရင် ငှက်ပျော်လျှော်နဲ့လုပ်တဲ့ ပိတ်စကို တစ်ကိုက် ၅၀၀၀၀ နဲ့ ၁၀ ကိုက်မှာထားတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်ကလည်း မှာထားတယ်။ လိုသလောက် မ‌ရောင်းပေးနိုင်ဘူးဖြစ်နေတယ်။ အလျား ၇၂ လက်မ၊ အနံ နှစ်ပေခွဲရှိတဲ့ပိတ်စကို ငါးရက်ကြာအောင် ယက်ရတယ်။ ငှက်ပျောချည်ကိုဆက်ရတာ အချိန်ကြာတယ်၊ ပြီးတော့ရစ်ရတယ်။ ထုတ်လုပ်မှုမြန်ဖို့အတွက် စက်ပစ္စည်းနဲ့ နည်းပညာလိုအပ်လာတာပါ”ဟု ငှက်ပျောလျှော်မှ အဝတ်အထည် ထုတ်လုပ်နေသည့် Green Banana Myanmar မှ ဦးမြင့်သိန်းက ပြောသည်။

 

စွန့်ပစ်ပစ္စည်းများဖြစ်သည့် ဗေဒါ၊ ကွမ်းသီးဖက်၊ အင်ဖက်၊ စလူရွက်၊ ငှက်ပျောရွက်နှင့် ငှက်ပျောအူတို့မှ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်အပြင် ငှက်ပျောလျှော်၊ နာနတ်လျှော်၊ ချင်ပေါင်လျှော်၊ ကြမ်းပိုးနှမ်း (ရှမ်းပြည်မှထွက်ရှိ)နှင့် ကြာပင်လျှော်တို့မှ အဝတ်အထည်တို့ကို ထုတ်လုပ်၍ ပြည်တွင်းအပြင် ထိုင်း၊ စင်္ကာပူနှင့် စပိန်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀ ကျော်က ဂျပန်နိုင်ငံမှ ငှက်ပျောချည်မှ အဝတ်အထည်များ ထုတ်လုပ်ခဲ့ရာ ကမ္ဘာသို့ ကီမိုနိုဝတ်စုံအဖြစ် ထိုးဖောက်နိုင်ခဲ့ပြီး မြန်မာပြည်မှထွက်ရှိသည့် ငှက်ပျောလျှော်မှ ထုတ်လုပ်သော ပိတ်စနှင့် တဘက်အထည်ကိုလည်း ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဂျပန်နိုင်ငံက မှာယူမှုများရှိခဲ့ရာ မြန်ဆန်စွာတင်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

 

ငှက်ပျောချည်အဝတ်အထည်ကို ပြည်ပနိုင်ငံများမှနှစ်ခြိုက်ခြင်းသည် အေးမြခြင်း၊ ချွေးထွက်နည်းခြင်းနှင့် ပေါ့ပါးခြင်းတို့ကြောင့် ဖြစ်သည်။ နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် စက္ကူကို ဝါးပင်မှ အများဆုံးထုတ်လုပ်လျက်ရှိရာ ငှက်ပျောပင်မှလည်း ထုတ်လျက်ရှိ၍ ဓာတုပစ္စည်းထုတ်ကုန်များ လျှော့ချမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့တွင် စွန့်ပစ်ပစ္စည်းမှ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသည် တစ်ချိန်တွင် ကမ္ဘာနိုင်ငံတို့တွင် လိုအပ်လာမည့် လူသုံးကုန်ပစ္စည်း ထုတ်ကုန်အဖြစ် သုံးစွဲမှုများလာနိုင်ကြောင်း စွန့်ပစ်ပစ္စည်းမှ တန်ဖိုးမြှင့်ကုန်ချောထုတ်လုပ်သည့် လုပ်ငန်းရှင်များက ခန့်မှန်းထားကြသည်။

 

ဓာတ်ပုံ- ကနူး 
ညိမ်းသူ(သတင်းစဉ်)